Tuesday 9 December 2014

သမဂ္ဂဟူသော အသုံးအနှုန်းအတွက် ကြောက်စရာမရှိဟု ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌဆို

အမျိုးသားပညာရေး ဥပဒေနှင့် နည်းဥပဒကြမ်းတွင် ထည့်သွင်းမထားသော သမဂ္ဂဟူသည့် အသုံး အနှုန်းသည် အသင်းအဖွဲ့များနှင့် အဓိပ္ပာယ်တူ၍ ကြောက်စရာလည်းမရှိဟု ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောကြားသည်။

ဒီဇင်ဘာ ၈ ရက်နေ့ နံနက် ၁၀ နာရီခန့်မှ စကာ မွန်းတည့် ၁၂ နာရီခန့်အထိ သန်လျင်မြို့ ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံပွဲတွင် အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“သမဂ္ဂဖွဲ့ရင် ဘာလုပ်မှာလဲ၊ ကျောင်းသားသမဂ္ဂ ဖွဲ့တဲ့ ရည်ရွယ်ချက်က ဘာလဲ၊ သမဂ္ဂ မဖွဲ့ရဘူး မဟုတ်ဘူး။ ကုလသမဂ္ဂဆိုတဲ့ တစ်ကမ္ဘာလုံး သမဂ္ဂကြီးတောင် ဖွဲ့ထားသေးတယ်။ သမဂ္ဂဆိုတဲ့ စကားလုံးက ဘာမှလဲ အမှားအယွင်း မရှိဘူး။ ကြောက်စရာလည်း မလိုဘူး။ သို့သော် လူတွေက နားမလည်ဘဲ အလွဲသုံးစား လုပ်မယ်ဆိုရင်တော့ အမှားအယွင်းတွေ ရှိနိုင်ပါတယ်” ဟု ဦးနန္ဒကျော်စွာက ပြောကြားသည်။

ယင်းကဲ့သို့ ပြောဆိုခြင်းမှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် ပြောဆိုခြင်း မဟုတ်ဘဲ ပြည်သူ တစ်ယောက် အနေနှင့် ပြောခြင်းဖြစ်ကြောင်း၊ ကျောင်းသားများ အနေနှင့် အမျိုးသားပညာရေး ဥပဒေကို သေချာစွာဖတ်ရှုပြီး မိမိတို့ အခွင့်အရေးများ ဆုံးရှုံးသည် ထင်ပါက မိမိတို့ကိုယ်တိုင် သက်ဆိုင်ရာ ဝန်ကြီးဌာနသို့ စာဖြင့် အကြံပြု တောင်းဆိုသင့်ကြောင်း ဦးနန္ဒကျော်စွာက ပြောဆိုသည်။

အမျိုးသားပညာရေး နည်းဥပဒေကြမ်းတွင် သမဂ္ဂဟူသော အသုံးအနှုန်းအစား အသင်းအဖွဲ့များ လွတ်လပ် စွာ ဖွဲ့စည်းခွင့်ရှိကြောင်း သုံးနှုန်းထားခြင်းမှာ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂ စသည်ဖြင့် အဖွဲ့အစည်း တစ်ခု ၏ နာမည်ကို ကိုယ်စားမပြုဘဲ အဖွဲ့အစည်းအားလုံး ဖွဲ့စည်းခွင့်ပြုသည့် အဓိပ္ပာယ်များသာ ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောဆိုထားသည်။

အဆိုပါ တွေ့ဆုံမှုသည် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ရှိ ပါမောက္ခ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ များ အနေနှင့် ဥပဒေပြုရေး အကြောင်း သိလိုသည်များကို မေးမြန်းနိုင်ရန်၊ ကျောင်းသားများ၏ ဗဟုသုတ တိုးတက်စေရန် ရည်ရွယ်ကြောင်း အဆိုပါတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကျော်ကျော်ခေါင် က ပြောကြားသည်။

ကျောင်းသားအများစုသည် ဘာသာရပ်ဆိုင်ရာ သင်ယူမှုတွင် ကြိုးစားမှု အားနည်းပြီး မိမိတို့ တာဝန်ယူရ မည့် စာမေးပွဲ အောင်မြင်ရေးကို ဦးစားပေး ကြိုးစားသင့်ကြောင်း ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်ကထိက ဆရာ တစ်ဦးက မှတ်ချက်ပေး ပြောကြားသည်။

The Voice Weekly 

No comments:

Post a Comment