Tuesday 9 December 2014

တရားသူကြီးများ မှားယွင်းစွာဆုံးဖြတ်မှုများကြောင့် နစ်နာသည်ဟုဆိုကာ တိုင်စာများအများဆုံးရောက်ရှိကြောင်း တရားစီရင်ရေးနှင့် တိုင်ကြားစာများစိစစ်ဆောင်ရွက်ရေးကော်မတီ အတွင်းရေးမှူးပြောကြား

တရားသူကြီးများ မှားယွင်းစွာဆုံးဖြတ်မှုများကြောင့် နစ်နာသည်ဟု ဆိုကာ တိုင်တန်းသည့် တိုင်စာများ အများဆုံးရောက်ရှိကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီမှ အတွင်းရေးမှူး ဦးမြင့်ထွန်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးမှုအခြေအနေသည် လွန်စွာအားနည်းနေပြီး တရားရေးနယ်ပယ်တွင် အဂတိလိုက်စားမှုများ လွှမ်းမိုးနေကြောင်း တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနား ခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီ ဥက္ကဠ သူရဦးအောင်ကိုက ပြောကြားထားသည်။

“တရားသူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေပေါ့။ ဆုံးဖြတ်ချက်တွေက သူတို့က မှားယွင်းတယ်လို့ပဲ အဲဒီလိုဟာ တွေက ပိုများတာပေါ့။ ဒါကတော့ အမှုရှုံးတဲ့သူက တိုင်တာကို သူတို့ကတော့ မှားတယ်လို့ပဲ ပြောတယ်။ တရားရေးပိုင်းကတော့ သူတို့ကလည်း မမှားဘူးဆိုပြီးတော့ သူတို့က တို့အရင်လွှတ်တော် သက်တမ်းတွေ တုန်းက ဆောင်ရွက်ခဲ့တဲ့ အနေအထားပေါ်မှာ တို့ သက်ဆိုင်ရာ တရားရေး တိုင်းဒေသကြီးတွေကို လှမ်းမေးတဲ့အခါ သူတို့ဆီက ပြန်ကြားတဲ့ စာအရတော့ အဲလိုသိရတယ်လေ။ တို့လည်း အဲဒီကို on ground ဆင်းပြီးရင်တော့ ကြားနာမှုတော့ မရှိသေးဘူးပေါ့။ အခုတော့ ကြားနာမှုတွေတော့ လုပ်နေကြပြီလေ။ အဆုံးအဖြတ်က ဘယ်လိုဆိုတာ ပြောလို့မရသေးဘူးပေါ့”ဟု အတွင်းရေးမှူး ဦးမြင့်ထွန်းက ပြောကြား သည်။

“တိုင်ကြားစာကတော့ အဓိကအားဖြင့် တရားရေးဝန်ထမ်းတွေကို တိုင်တဲ့အမှုတွေ များတာပေါ့။ တရား သူကြီးတွေ ဆုံးဖြတ်တဲ့ဥစ္စာ မမှန်ကန်ဘူးဆိုတဲ့ ဥစ္စာကို ဒါကလည်း တစ်ဖက်သတ်ပေါ့။ အမှုရှုံးတဲ့လူက တိုင်တော့ အမှုနိုင်တဲ့လူကို မကောင်းဘူးပြောတာပေါ့။ နှစ်ဖက်စလုံးရဲ့ ပြောတဲ့အချက်တွေကို တို့ကကြည့်ပြီးရင် ဘယ်ဟာက မှားတယ်၊ ဘယ်ဟာ မှန်တယ်ဆိုတာ ပြောလို့ရမှာလေ။ တိုင်တာကတော့ သူတို့ နစ်နာတယ်ဆိုပြီး အဲလိုတိုင်တာ များတာပေါ့”ဟု အဆိုပါ ကော်မတီမှ အတွင်းရေးမှူး ဦးမြင့်ထွန်းက ဆိုသည်။

“တရားစီရင်ရေးအပိုင်းမှာ ပျော့ကွက်ကလေးတွေ၊ ဟာကွက်ကလေးတွေတော့ အထိုက် အလျောက် ရှိပါတယ်။ ရှိတယ်ဆိုတာက အခုနက ပြောသလိုပေါ့။ သက်ဆိုင်ရာတရားရုံးဥပဒေ နားမလည်တဲ့သူတွေနဲ့ တစ်ဖက်က ဥပဒေကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေ တချို့ပုဂ္ဂိုလ်တွေက အကူအညီပေးတာ မဟုတ်ဘဲနဲ့ အမှု သည်တွေ ပိုဒုက္ခရောက်အောင်လုပ်ကြတာတွေ တချို့လည်း ရှိကြပါတယ်။ ဒါကြောင့်မို့လို့ မဖြစ်သင့်ဘဲနဲ့ အမှုတွေက ပိုပိုများလာတာပေါ့”ဟု ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေးကော်မတီဝင် ဦးစိုးဝင်းက ဆိုသည်။

Eleven Media Group 

No comments:

Post a Comment