Tuesday 9 December 2014

ဒေသခံတောင်သူများနစ်နာနေ၍ နေပြည်တော်စည်ပင်သာယာရေးအက်ဥပဒေအားပြင်ဆင်ရန် လွှတ်တော်တွင် တင်ပြမည်ဟုဆို

နေပြည်တော်ရှိဒေသခံများနှင့် တောင်သူများမှာ ပိုင်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခံနေရသဖြင့် နေပြည် တော် စည်ပင်သာယာရေးဥပဒေအား ပြင်ဆင်ရန်အတွက် နေပြည်တော်မြို့နယ်များမှ လွှတ်တော် ကိုယ်စားလှယ်များညှိနှိုင်းကာ လွှတ်တော်တွင် တင်ပြသွားမည်ဖြစ်ကြောင်း NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များက ပြောသည်။

လက်ရှိတွင် ဒက္ခိဏသီရိမြို့နယ် ကုလားကြီးကုန်းကျေးရွာမှ တောင်သူ ၃၁ ဦးအား ကျူးကျော်မှုဖြင့် တရားစွဲဆို ခံထားရခြင်းနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ဦးမင်းသူ၊ ဒေါ်စန္ဒာမင်းနှင့် ဦးနိုင်ငံလင်း တို့မှ ဇမ္ဗူသီရိ မြို့နယ်စည်ပင်တရားရုံးသို့ လာရောက်လေ့လာခဲ့ပြီး ၎င်းတို့မှ ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

၎င်းကိုယ်စားလှယ်များမှ အမှုအားစစ်ဆေးနေသည့် တရားသူကြီးနှင့် ဆွေးနွေးရာခဲ့ရာတွင် ၂၀၀၉ ခုနှစ် နေပြည်တော်စည်ပင်သာယာရေးအက်ဥပဒေအရ ဒေသခံအိမ်ထောင်စုများမှ နှစ်ပေါင်းများစွာ ကတည်းက နေထိုင်ခဲ့သော်လည်း လက်ရှိတွင် ပိုင်ဆိုင်မှုအထောက်အထားခိုင်လုံစွာ မတင်ပြနိုင်ပါက နစ်နာကြေး မရသည့် အပြင် တရားစွဲခံရမည့် အနေအထားဖြစ်နေကြောင်း ဥတ္တရသီရိမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စား လှယ် ဦးမင်းသူက ပြောသည်။

ထို့အတွက် အမှုကိစ္စများအားလေ့လာကာ နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စား လှယ်များနှင့် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်းကာ လွှတ်တော်သို့ တင်ပြသွားမည်ဟု ၎င်းက ဆက်လက်ပြောသည်။

“၂၀၀၉ ခုနှစ်စည်ပင်သာယာရေးအက်ဥပဒေကို လွှတ်တော်က ပြင်ဖို့လိုတာပေါ့။ စည်ပင်နယ်နမိတ်လို့ သတ်မှတ်ပြီး စည်ပင်သာယာရေးကော်မတီကတရားစွဲလို့ ပိုင်ဆိုင်မှုအထောက်အထားမရှိရင် ပြစ်ဒဏ် ချရုံက လွဲပြီး တခြားနည်းမရှိဘူးဖြစ်နေတယ်။ ဒါကို ကျိုးကြောင်းခိုင်လုံစွာ တင်ပြရမှာပေါ့။” ဟု ၎င်းက ဆိုသည်။ 

ထို့ပြင် တချို့တောင်သူများမှာ သစ်တောပိုင်မြေဖြစ်စဉ်ကလည်း တရားစွဲခံရသည့်ပြင် နေပြည်တော် စည်ပင်ပိုင်မြေအဖြစ် ပြောင်းလွှဲပေးပြီးနောက်ပိုင်းတွင်လည်း ထပ်မံတရားစွဲခံရသူများလည်း ရှိနေသည်ဟု ၎င်းက ဆက်လက်ပြောသည်။

၂၀၀၇ ခုနှစ်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အထူးစီပွားရေးစီမံကိန်းနယ်မြေနှင့် မလွတ်ကင်း၍ ဖယ်ရှားပေးရမည့် ဒေသခံအိမ်ထောင်စုများအား အဆောက်အဦလျော်ကြေးနှင့် ပြောင်းရွှေ့စရိတ်များထုတ်ယူကာ အစားထိုးပေးခံရသည့် မြေကွက်များသို့ ပြောင်းရွေ့နေထိုင်ရန်နှင့် လိုက်နာမှုမရှိမှသာ အရေးယူသွားမည်ဟု ထုတ်ပြန်ထားသော်လည်း ဒေသခံများမှာ လက်ရှိတွင် ၂၀၀၉ ခုနှစ်ဥပဒေဖြင့် အရေးယူခံနေရကြောင်း ဇမ္ဗူသီရိမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ်စန္ဒာမင်းက ဆိုသည်။ 

“ နားမလည်တာက ၂၀၀၇ ခုနှစ်မှာ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်ဆိုတာထုတ်ပြီး တော့ ၂၀၀၉ ခုနှစ် မြေယာအက်ဥပဒေနဲ့ ထောင်ချရတာလဲဆိုတာ နားမလည်ဘူး ဖြစ်နေတယ် ။” ဟု ဒေါ်စန္ဒာမင်းက ဆိုသည်။

လက်ရှိတွင် ပြောင်းရွေ့ကြေး၊ နစ်နာကြေးပေးခြင်းမရရှိဘဲ ယခုကဲ့သို့ တရားစွဲခံရသည့်အပြင် တောင်သူ အချို့၏ အထောက်အထားအချက်အလက်အား တင်ပြခွင့်မရရှိခဲ့ကြောင်း၊ ပြစ်ဒဏ်ကျခံပြီးပါကလည်း နေစရာမရှိ၍ မူလနေရာတွင် ပြန်လည်နေထိုင်ပါကလည်း ထပ်မံတရားစွဲခံရဦးမည့် အနေအထားတွင် ရှိနေကြောင်း ကုလားကြီးကုန်းကျေးရွာမှ တောင်သူ ဦးဝင်းဗိုလ်က ဆိုသည်။

လက်ရှိအမှုရင်ဆိုင်နေရသည့် တောင်သူ ၃၁အား ၂၀၁၄ခုနှစ် မေလပိုင်းမှ စတင်တရားစွဲဆိုခဲ့ပြီး တောင်သူ နှစ်ဆယ်ကျော်မှာ ပြောင်းရွှေ့ပေးခဲ့သည့်အတွက် ဆက်လက်အမှုရင်ဆိုင်ရခြင်းမရှိကြောင်း၊ တောင်သူ ၃ ဦးမှာ ထောင်ဒဏ်နှစ်လကျခံခဲ့ရပြီး လက်ရှိတောင်သူ ၈ ဦး မှာ အမှုရင်ဆိုင်ရဆဲဖြစ်ကာ ယခုလ ၂၂ ရက်သို့ ထပ်မံချိန်းဆိုထားကြောင်းနှင့် ယခင်က ခွင့်ပြုခဲ့ခြင်းမရှိသည့် လျှောက်လဲချက်ပေးခွင့်ပြုခဲ့ကြောင်း အထက်ပါကိုယ်စားလှယ်များနှင့် တောင်သူများ၏ ပြောကြားချက်အရ သိရသည်။

The Street View 

No comments:

Post a Comment