Tuesday 9 December 2014

ရန်ကုန်စည်ပင် နယ်နိမိတ်တွင် ဆိုင်ကယ် စီးသူများအား အရှိန်မြှင့် ဖမ်းဆီးမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်ရှိ (၃၃)မြို့နယ်အတွင်း မော်တော်ဆိုင်ကယ်စီးနင်းသူများ အား အရှိန်မြှင့်ဖမ်းဆီးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ပြောသည်။ လက်ရှိရန်ကုန်မြို့တွင် စည်းကမ်းမဲ့မော်တော်ဆိုင်ကယ် မောင်းနှင်မှုများအား အရေးယူဆောင်ရွက်နေသော်လည်း လျော့နည်းသွားခြင်း မရှိသည့်အပြင် ရပ်ကွက် များထဲတွင် စီးနင်းသူပိုမို များပြားလာခြင်းကြောင့် အရှိန်တိုးမြှင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းသိရသည်။ 

““ဆိုင်ကယ်တွေကို အရှိန်မြှင့်ဖမ်းဆီး တာလည်းပြုလုပ်သလို ပညာပေးတာတို့၊ လမ်းဆုံတွေမှာ သတိပေး ဆိုင်းဘုတ်တို့လည်း ထားရှိသွားမှာပါ””ဟု ဗိုလ်မှူးကြီး တင်ဝင်းက ဆိုသည်။ 

ယင်းကဲ့သို့ အရှိန်မြှင့် ဖမ်းဆီးရာတွင် နယ်မြေခံ ရဲတပ်ဖွဲ့များ၊ ယာဉ်ထိန်းရဲများ၊ အုပ်ချုပ်ရေးမှူးများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်း များ ပါဝင်သော ပူးပေါင်း အဖွဲ့များက စစ်ဆေး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ဆိုင်ကယ် အရောင်းဆိုင်များကိုလည်း စစ်တမ်း ကောက်ယူကာ စိစစ်သွားမည် ဖြစ်ပြီး၊ တရားမ၀င် ဆိုင်ကယ် ကယ်ရီဂိတ် များကိုလည်း ဖမ်းဆီးသွားမည် ဖြစ်ကြောင်း သိရသည်။

““အခု ဆိုင်ကယ် စီးတာတွေကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရနေတာတွေ ဖြစ်နေတယ်။ ဒါကို သက်ဆိုင်ရာကလည်း အရေးယူတာမရှိတဲ့အတွက် ဆိုင်ကယ်စီးသူတွေ ပိုပြီးအတင့်ရဲလာတဲ့တာကြောင့် ထိထိရောက်ရောက် ဆောင်ရွက်ဖို့ ရှိ မရှိ မေးမြန်းခဲ့တာပါ”” ဟု ဆိုင်ကယ် စီးနင်းသူများအား အရေးယူ ရန် အစီအစဉ်ရှိမရှိ လွှတ်တော်တွင် မေးမြန်းခဲ့သူ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က ပြောသည်။ 

လျှပ်စစ် ဆိုင်ကယ်များကိုလည်း ဖမ်းဆီး အရေးယူ သွားမည် ဖြစ်ပြီး၊ ဌာနဆိုင်ရာ ဆိုင်ကယ်များ အနေဖြင့် လည်း စည်းကမ်းမဲ့ မောင်းနှင်မှုများ ရှိပါက ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ထံမှသိရသည်။ 

၂၀၁၄ ခုနှစ်အတွင်း ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်း စည်းကမ်းမဲ့ မောင်းနှင်သည့် လိုင်စင်ရှိ ဆိုင်ကယ် (၂၈၄၁) စီးနှင့် လိုင်စင်မဲ့ ဆိုင်ကယ် (၄၂၉)စီး၊ စုစုပေါင်း ဆိုင်ကယ် (၃၇၂၀)စီးအား အရေးယူ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment