Tuesday 9 December 2014

လက်ဖက်ရည်ဆိုင်များကို အခွန်ကောက်ခံရန် စီစဉ် စားသောက်ဆိုင် ၅၃၀ ကျော်သို့ တစ်လအတွင်း အခွန်တံဆိပ်ခေါင်း ကျပ်သန်း ၂,၅၀၀ ၀န်းကျင်ဖိုးရောင်းချပြီးဖြစ်

လက်ဖက်ရည်ဆိုင်များကို အခွန်တံဆိပ်ခေါင်းကပ်၍ အခွန်ကောက်ယူရန် အခက်အခဲ ရှိနေသော်လည်း အခွန်ကင်းလွတ်ခွင့်ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှ သိရသည်။

‘‘လက်ဖက်ရည်ဆိုင်မှာ ဘောက်ချာလုပ်ပြီး တံဆိပ်ခေါင်း ကပ်နေမယ်ဆိုရင် အဆင်မပြေဘူး။ လက်ရှိတော့ ၀င်ငွေကြော်ငြာလွှာတင်သွင်းရင်း စည်းကြပ် ကောက်ခံမယ်။ နောက်တော့ စနစ်တစ်ခု လုပ်မယ်’’ဟု တိုင်းဒေသကြီး အခွန်ဦးစီးဌာနမှ ဒုဦးစီးမှူး က ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စားသောက်ဆိုင်များတွင် ကုန်သွယ်လုပ်ငန်းအခွန် ကောက်ခံရေး တံဆိပ်ခေါင်းခွန်များဖြင့် ပြောင်းလဲကပ်ရန် နိုဝင်ဘာ ၁ ရက်က ကြေညာခဲ့သည်။ ထိုသို့ ပြောင်းလဲရန် ကြေညာပြီးနောက် နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၃ ရက်အထိ အခွန်တံဆိပ်ခေါင်း ကျပ်သန်း ၂၅၀၀ ခန့် အား ဆိုင်ပေါင်း ၅၃၁ ဆိုင်သို့ ရောင်းချခဲ့ပြီးပြီဟု ရန်ကုန်တိုင်းဒေသကြီး အခွန်ဦးစီးရုံးမှ သတင်းရရှိသည်။

အခွန်တံဆိပ်မကပ်ဘဲ အခွန်ကောက်သည့်ဆိုင်များကို သက်ဆိုင်ရာအခွန်ရုံးသို့ ဘောက်ချာနံ ပါတ်နှင့် အချိန်မှတ်သား၍ တိုင်ကြားပေးရန် အခွန်ဦးစီးဌာနက ကြေညာထားသည်။

‘‘အခွန်တံဆိပ် မကပ်ဘဲ အခွန်ကောက်သည်ဖြစ်စေ၊ မကောက်သည်ဖြစ်စေ အခွန်ပညာပေးကာလပြီးသွား ရင် ဥပဒေပါ အချက်တွေအတိုင်း အရေးယူသွားမယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး အခွန်ဒုဦးစီးမှူးက ပြောသည်။

ယခင်စားသောက်ဆိုင်များတွင် ကုန်သွယ်လုပ်ငန်းခွန်ကိုဆိုင်များမှ ဘောက်ချာများ၌ ပြည်တွင်း အခွန် တံဆိပ် ရိုက်နှိပ်ရောင်းချခဲ့ပြီး ယင်းစနစ်မှာ အောင်မြင်မှု မရှိခဲ့သဖြင့် တံဆိပ်ခေါင်းအခွန် စနစ်သို့ ပြောင်း လဲခြင်းဖြစ်သည်။

‘‘နှစ်စဉ်အခွန်ဆောင်တယ်။ တံဆိပ်ခေါင်းအခွန်ဆိုတာ မကြားသေးဘူး။ အခွန်ရုံးကလည်း ဘာမှ အကြောင်း မကြားသေးဘူး’’ဟု တောင်ဥက္ကလာပမြို့နယ်မှ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးဇေယျာသန်းက ပြောသည်။

ဆိုင်ပိုင်ရှင်များအတွက် အခွန်ဆောင်ခြင်းနှင့် ပတ်သက်သောအချက်အလက်များကို သိရှိနိုင်ရန် အားနည်း နေသောကြောင့် အခြေခံသင်တန်းများ၊ အခွန်အကြောင်းသိကောင်းစရာသင်တန်းများဖွင့်ပေးရန် အခွန် ဦးစီးဌာနသို့ တင်ပြထားကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းမှ သတင်းရရှိသည်။

စားသောက်ဆိုင်များအနေဖြင့် မြို့နယ်အခွန်ရုံးမှ အခွန်တံဆိပ်ခေါင်းများကို ကြိုတင်ထုတ်ယူထားရပြီး ရောင်းရငွေ စုစု ပေါင်း ၅ ရာခိုင်နှုန်းအတွက် ကျ သင့်သော တံဆိပ်ခေါင်းကပ်ရမည်ဖြစ်သည်။ ဆိုင်များက နောက်တစ်ကြိမ် တံဆိပ်ခေါင်းလာထုတ်သည့်အခါ ယခင်ထုတ်ယူခဲ့သည့် အကြိမ်၏ အခွန်အမှန်တကယ် ဆောင်ရန်လိုအပ်သော ကျသင့်အခွန်ကို အပြည့်အ၀ပေးဆောင်ရမည်ဖြစ်သည်။ အခွန်ဆောင်ရန် ကျန်ရှိ သည်ဆိုသည်မှာ ဆိုင်များမှ ရောင်းချရသည့်ငွေအပေါ် ၀င်ငွေခွန်တင်သွင်းသည့်အခါ ကုန်သွယ် လုပ်ငန်းခွန်ကို တွက်ချက်မည်ဖြစ်ကာ တံဆိပ်ခေါင်းဝယ်ယူစဉ်က တန်ဖိုးကို နုတ်ပယ်ပြီး အခွန်ဆောင်ရန် ကျန်သောငွေ ဖြစ်သည်။

7Day DAILY 

No comments:

Post a Comment