Tuesday 9 December 2014

ရန်ကုန်တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများကို ဥပဒေ စည်းမျဉ်းစည်းကမ်း ပြဋ္ဌာန်းပြီး တရားဝင်ခွင့်ပြုနိုင်ရန် တိုက်တွန်းကြောင်းအဆို ပြည်ခိုင်ဖြိုး လွှတ်တော် ကိုယ်စားလှယ် တိုင်းဒေသကြီးလွှတ်တော်သို့ တင်သွင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း အနှိပ်ခန်းများကို ဥပဒေစည်းမျဉ်း၊ စည်းကမ်းများပြဠာန်းပြီး တရားဝင်ခွင့်ပြု ပေးရန် ဒီဇင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူးအစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံဖြိုးရေးပါတီမှ ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စား လှယ် ဦးသောင်းကျော်က အဆိုတင်သွင်းခဲ့သည်။

ထိုသို့ အဆိုတင်သွင်းရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း များပြားစွာတည်ရှိနေသော တရားမဝင် အနှိပ်ခန်းများကြောင့်ဖြစ်သည်ဟု ဦးသောင်းကျော်က ဆိုသည်။

“ဒီအဆိုတင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ တရားမဝင်တဲ့ အနှိပ်ခန်းတွေက တည်ရှိနေတဲ့သဘော ဖြစ်ပါတယ်။ ဘာကြောင့် ဒီဟာတွေတည်ရှိရသလဲ။ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးမှုနဲ့အတူ လူတွေရဲ့ပင်ပန်းမှု၊ စိတ်ရော လူရော ပင်ပန်းမှုတွေကိုဖြေလျှော့ဖို့ အနှိပ်ခန်းတွေကို သွားရောက်အပန်းဖြေတာကို တွေ့ရ တယ်။ တစ်ဖက်က ကြည့်ရင်လည်း အပန်းဖြေသလို၊ နိုင်ငံတကာမှာလည်း ရှိတယ်။ အလုပ်အကိုင်တွေ ရတယ်။ တစ်ဖက်ကပြန်ကြည့်ရင်လည်း ဥပဒေမရှိတဲ့အခါ၊ စည်းမျဉ်းစည်းကမ်းမရှိတဲ့အခါ မိမိစီးပွားရေး ကြီးကြည့်ပြီး လုပ်ကြတယ်။ ဥပဒေကို ချိုးဖောက်တဲ့အလေ့အကျင့်ဟာ အနှိပ်ခန်းတွေကို သွားတဲ့ သူတွေ ရော၊ စီးပွားရေးလုပ်တဲ့သူတွေပါ  ချိုးဖောက်ကြတယ်။ အနှိပ်ခန်းဖွင့်တာကို တာဝန်ရှိတဲ့ သူတွေက လျစ်လျူ ရှုကြတဲ့အခါကျတော့ ဥပဒေချိုးဖောက်တာကို အလေ့အကျင့်တစ်ခုလို၊ အပြစ်မရှိဘူးလို့ ဖြစ်လာတယ်”ဟု ဦးသောင်းကျော်က အဆိုတင်သွင်းရာတွင် ထည့်သွင်းပြောကြားသည်။

အနှိပ်ခန်းများကို လေ့လာကြည့်ပါက နှစ်မျိုးတွေ့ရကြောင်း၊  အချို့မှာ မျက်မမြင်တွေ၊ ဂျပန်အကြောပြင် ဆရာများကိုယ်တိုင် ဖွင့်လှစ်သည့် ဟိုတယ်အချို့တွင်ရှိသော အနှိပ်ခန်းများနှင့် အများစုမှာ မာဆတ်ဟု ခေါ်သည့် အနှိပ်ခန်းများဖြစ်ကြောင်း  ဦးသောင်းကျော်က ပြောကြားသည်။

 စီးပွားရေးမဖွံ့ဖြိုးသေးသည့်  ဒေသများတွင် လူပွဲစားများက ဒေသနေ အမျိုးသမီးများအား အလှပြင်ဆိုင်မှာ အလုပ်ရမည်ဟုဆို ကာ စည်းရုံးကြကြောင်း၊  မိသားစု အဆင်မပြေသည့် ဖြားယောင်းမှု နောက်သို့ လိုက်ပါ လာခဲ့ကြသည်ဟု ဦးသောင်းကျော်က ဆိုသည်။

“ဖြားယောင်းမှုတွေနဲ့ မြို့ကိုလာကြတယ်။ ပြီးတော့ သူတို့ကို အနှိပ်ခန်းတွေမှာလာပြီး အပ်နှံကြတယ်။ ဒီအနှိပ်ခန်းတွေကလည်း များသောအားဖြင့် အလှပြင်ဆိုင် လိုင်စင်ယူထားတာ။ သူတို့ပြောတာလည်း မှန်ပါတယ်။ မင်းတို့ကို အလှပြင်ဆိုင်မှာ အလုပ်ရမယ်ဆိုပြီး သူတို့ပြောတာမှန်ပါတယ်။ ဒါပေမဲ့ အလှပြင် ဆိုင် အမည်ခံပြီး အနှိပ်ခန်းဖွင့်ထားတာ။ အဲဒီအမျိုးသမီးလေးတွေမှာ မထူးတော့ဘူးဆိုပြီး လုပ်လိုက်ကြ ရတယ်။ သူတို့မှာ အလုပ်ချိန် ကန့်သတ်မှု မရှိဘူး။ ပထမဆုံး သူတို့ကိုလာပို့လိုက်တာနဲ့ ပွဲစားက ပိုက်ဆံ အရင်ရသွားတယ်။ အကြွေးမကျေသေးရင် အပြင်ထွက်ခွင့် မပေးဘူး။ သူတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေး တွေ လုပ်အားခတွေပြန်ကြည့်ရင် ငါးပုံတစ်ပုံလောက်ပဲ ရတယ်။ သူတို့မှာတော့ ညလုံးပေါက် အလုပ်လုပ် ရတယ်။ မနက်ပိုင်းခဏပဲ အိပ်ရတယ်။ အလုပ်ချိန်နဲ့ ပတ်သက်ပြီးလည်း ကာကွယ်မှုမပေးနိုင်ဘူး။ ဒါတွေဟာ ဒီနေ့ခံစားနေရတဲ့ အမျိုးသမီးတွေခံစားနေရပါတယ်။ အမျိုးသမီး တွေမှာ ထောင်သားတွေလိုပဲ စရိုက်တွေကြမ်းတမ်းလာတယ်။ တောက မိဘတွေကတော့ ငါ့သမီးလေး အလှပြင်ဆိုင်မှာ အလုပ်လုပ်နေ ရတယ်ဆိုပြီးတော့ တကယ်တော့ အနှိပ်ခန်းမှာ လုပ်နေရတာ။ ဥပဒေနဲ့ အကာအကွယ် မပေးနိုင်ဘူး။ ဒါကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ လေးလေးနက်နက်စဉ်းစားပြီး စည်းမျဉ်းစည်းကမ်းတွေကို အမြန်ဆုံးပြဠာန်းခွင့် ပြုပေးသင့်ပါတယ်”ဟု ၎င်းက ဆိုသည်။

အလားတူ ရန်ကင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးခင်ကလည်း လူနေ ရပ်ကွက် များတွင် ဖွင့်လှစ်သည့် KTV ၊ အနှိပ်ခန်း၊ နိုက်ကလပ်၊ အရက်ဘား၊ ကချေသည် ခန်းမများကြောင့် ရပ်ကွက် အတွင်း အေးချမ်းစွာနေထိုင်သောသူများအား ထိခိုက်လာပြီး မလိုလားအပ်သော ပြဿနာ များဖြစ် လာနိုင်သဖြင့် ၎င်းတို့အား  နေရာတစ်ခုသတ်မှတ်ပြီး တစုတစည်းတည်း ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ရာ အစီအစဉ်မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက ပြန်လည်ဖြေကြားသည်။    

Eleven Media Group 

No comments:

Post a Comment