Tuesday 9 December 2014

ရွှေစက်တော် စောင့်ကြည့် လေ့လာရေး အဖွဲ့ မင်းဘူးမြို့တွင် ဖွဲ့စည်း

ရွှေစက်တော် စောင့်ကြည့် လေ့လာရေးအဖွဲ့ကို မင်းဘူးမြို့တွင် ဖွဲ့စည်းခဲ့ပြီး ရွှေစက်တော်ဘုရားကြီးနှင့် ပတ်သက်သော အခြေအနေအရပ်ရပ်အား စောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း ရွှေစက်တော် စောင့်ကြည့်လေ့လာရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးတင်ရွှေက The Messenger Media သို့ပြော သည်။

အဆိုပါအဖွဲ့သည် ရည်ရွယ်ချက်ငါးချက်ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး အဓိကရည်ရွယ်ချက်မှာ ဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရန်ဖြစ်ကြောင်း၊ တရားဝင်ဖွဲ့စည်းခွင့်ကို ခွင့်ပြုချက် တောင်း ဆိုသွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

““ဂေါပကအဖွဲ့နဲ့ အတိုက်အခံ လုပ်ဖို့ မဟုတ်ပါဘူး၊ သူတို့ အလုပ်ကိုလည်း ၀င်စွက်ဖက်မှာ မဟုတ်ဘူး၊ သူတို့ကို စည်းမျဉ်း စည်းကမ်းတွေနဲ့အညီဖြစ်ဖို့၊ အကျင့်ပျက် ခြစားမှုတွေ မရှိစေဖို့ပါ””ဟုအဖွဲ့ဝင် တစ်ဦး ဖြစ်သူ မကွေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းအတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောသည်။

အဆိုပါ အဖွဲ့အား မင်းဘူး၊ စကု၊ ငဖဲ၊ ရန်ကုန်မြို့တို့မှ အဖွဲ့ဝင် (၁၁) ဦးဖြင့် ဖွဲ့စည်း ပြီး နှစ်ပေါင်းများစွာ ဘုရားဖူးပြည်သူများ ကြုံတွေ့နေရသော အခက်အခဲများ ဖြေရှင်းရေး၊ ဘုရားကြီး ဘက်စုံ ဖွံ့ဖြိုး တိုး တက်ရေး၊ သာသနိက အဆောက်အအုံနှင့် ရှေဟောင်း ယဉ်ကျေးမှု အမွေအနှစ်များအား ထိန်းသိမ်းမွမ်းမံ စောင့်ရှောက်သွားမည် ဖြစ်ကြောင်း ဦးတင်ရွှေက ပြောသည်။

““ဘုရားပွဲတော်ချိန် ရောက်တိုင်း ဘုရားကြီးနဲ့ ပတ်သက်ပြီး လေလံ(၅၂)မျိုးပေးတယ်။ ဒေသခံ လုပ်ငန်းရှင် တွေနဲ့ ပြည်သူတွေ ကြားမှာ တရားမျှတ စေချင်တယ်။ ပွဲတော်ချိန်မှာ ၀ါးကြမ်းခင်းထားတဲ့ တဲကျောင်းမှာ ဖျာကြမ်းလေး ခင်းထားတဲ့ အခန်းတစ်ခန်းကို တစ်သိန်းကျော် ပေးနေရတာက မဖြစ်သင့်ဘူး၊ ဟိုတယ်ကြီး တွေမှာ အခန်းအကောင်း စားကြီးတွေတောင် လေးငါးသောင်းပဲ ပေးရတာ၊ လေလံပေးတဲ့ နေရာတွေမှာ ပွင့်လင်း မြင်သာမှုမရှိဘူး။ နောက်ပြီး ဂေါပက အဖွဲ့မှာလည်း စည်းမျည်းစည်းကမ်း မရှိဘူး။ အဲဒါတွေ ကို အကောင်းဆုံး ညှိနှိုင်းပေးဖို့ ဖွဲ့ရတာပါ”” ဟု ဦးတင်ရွှေက ပြောသည်။

အဆိုပါ အဖွဲ့အနေဖြင့် ဝေဖန် အကြံပြုချက်များအား တစ်ဦးတစ်ယောက်တည်း၏ သဘောထားဖြင့် ဆောင် ရွက်သွားမည်မဟုတ် ကြောင်းနှင့် ဝေဖန်အကြံပြုလိုသူ ပြည်သူများ အနေဖြင့် ၎င်းအဖွဲ့အား ဆက်သွယ် အကြံပြု နိုင်ရန် ဖုန်းနံပါတ်များ ထုတ်ပြန် ကြေညာ သွားမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal 

No comments:

Post a Comment