Thursday 11 December 2014

တရုတ်နိုင်ငံ CPI ကုမ္ပဏီပိုင် ချီဖွေငယ် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ တစ်ယူနစ်လျှင် ကျပ် ၆၀ နှုန်းဖြင့် မြန်မာ့လျှပ်စစ်ဝန်ကြီးဌာနမှ ၀ယ်ယူ

တရုတ်နိုင်ငံ CPI ကုမ္ပဏီပိုင် ချီဖွေငယ် လျှပ်စစ်ဓာတ်အားပေးစစ်ရုံမှ တစ်ယူနစ်လျှင် ကျပ် ၆ဝ နှုန်းဖြင့် မြန်မာ့လျှပ်စစ် ဝန်ကြီးဌာန မှဝယ်ယူသုံးစွဲနေရကြောင်း ကချင်ပြည်နယ် လျှပ်စစ်ဝန်ကြီး ဦးစိုင်းမောက်ရွှေ က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ချီဖွေငယ် လျှပ်စစ်ဓာတ်အားပေး စက်ရုံသည် ၃၃ ဒသမ ၃ မီဂ္ဂါဝပ်စက်သုံး လုံးတပ်ဆင်ထားပြီး မီဂ္ဂါဝပ် ၉၉ ဒသမ ၉ မီဂ္ဂါဝပ် ထုတ်လုပ်နိုင်ကာ ယင်းလျှပ်စစ်ဓာတ်အား အချို့ကို မြစ်ကြီးနားမြို့ အခြေစိုက် ကေအိုင်အို ပိုင်းဘူးဂါး လျှပ်စစ်ဖြန့်ဖြူးရေးမှ တာဝန်ယူကာ ဖြန့်ဖြူးနေပြီး ပိုလျှံဓာတ်အားများကို မဟာဓာတ်အား လိုင်းသို့ ပို့လွှတ်ထားကြောင်း သိရသည်။

ကချင်ပြည်နယ် လျှပ်စစ်စွမ်းအားနှင့် စစ်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေက “ဘူးဂါးကတော့ ချီဖွေငယ်က ဝယ်သုံးနေရတာ ကျပ် ၆ဝ ဈေးနှုန်းပဲ၊၊ နိုင်ငံတော် ပြည်ထောင်စု လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် စာချုပ်ချုပ်ပြီး အဲဒီနှုန်းနဲ့ပဲ ဖြန့်တာပါ။ ကျွန်တော်တို့ ပြည်နယ်လျှပ်စစ်ကတော့ ဘာမျှလုပ်လို့မရဘူး။ ကချင်ပြည်နယ်မှာလည်း ၂ဝ၁၄-၂ဝ၁၅ ဘတ်ဂျက်နှစ်မှာ ဗန်းမော်ခရိုင်၊ မိုးညှင်း၊ မိုးကောင်းခရိုင် မြို့နယ်တွေ မှာ တိုးချဲ့တည်ဆောက်နေတာ ၁၄ ဘီလျံကျော်ပါတယ်။ တာပိန်ရေအားလျှပ်စစ် စီမံကိန်း ကပေးတဲ့ မီးကအစိုးရဈေးနဲ့ ပေးရတာက သူက ၁၅ ရာခိုင်နှုန်း နိုင်ငံတော်က ကော်မရှင်အလကားရတာ” ဟု The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့များကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေသော ဘူးဂါး လျှပ်စစ်ဖြန့်ဖြူးရေး ကုမ္ပဏီနှင့် ကချင်ပြည်နယ်လျှပ်စစ် ဝန်ကြီးဌာနတို့ စာချုပ်ပြင်ဆင်ချုပ်ဆိုရန် ပြင်ဆင် မှုများ ပြုနေပြီး အကြောင်းအမျိုးမျိုးကြောင့် နောက်ကျနေရကြောင်း ဝန်ကြီးက ပြောကြားသည်။

“ဘူးဂါးကုမ္ပဏီကတော့ ပြည်နယ်လျှပ်စစ်ကို တင်ပြထားတာရှိတယ်။ ပြည်နယ်လျှပ်စစ်က ဝန်ကြီးဌာနကို တင်ပြတာမရှိသေးဘူး။ ဘူးဂါးကုမ္ပဏီဘက်က လျှပ်စစ်တစ်ယူနစ်ကို တစ်ရာကျပ်စွန်းရုံ ကောက်ခံဖို့ တင်ပြ ထားတယ်။ လုပ်ငန်းသုံးကတော့ နှစ်ရာကျပ်၊ အစိုးရရုံးသုံးကတော့ လျှော့ဖို့ရှိပြီး ဘယ်လောက်ဆိုတာ ညှိယူရဦးမှာပါ။ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကိုတင်ပြပြီး စာချုပ်တွေ ပြန်ချုပ်ရဦးမှာပါ။ စာချုပ်ဖို့ကြန့်ကြာ တာကတော့ ပြည်နယ်လျှပ်စစ်ကဏ္ဍမှာကို တိုးချဲ့တာ၊ တင်ဒါခေါ်တာတွေနှင့် အလုပ်များနေလို့ပါ” ဟု ဝန်ကြီးက ပြောသည်။

စာချုပ်ပြင်ဆင် ချုပ်ဆိုရသည့် အကြောင်းရင်းမှာ မီတာခများလျော့ကျရေး၊ လိုအပ်ချက်များ ပြင်ဆင် နိုင်ရေး၊ လုပ်ငန်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်နိုင်ရေး စသည့်အချက်များကြောင့် ဖြစ်ကြောင်း သိရသည်။

ယခုအချိန်တွင် ဘူးဂါးကုမ္ပဏီမှ ဘာသာရေးနှင့် ရုံးပိုင်းဆိုင်ရာများတွင် တစ်ယူနစ် ကျပ် ၁ဝဝ၊ အိမ်သုံး တစ်ယူနစ် ကျပ် ၁၆ဝ၊ စီးပွားရေးလုပ်ငန်းသုံး ကျပ် ၃ဝဝ ဖြင့် ကောက်ခံနေခြင်းဖြစ်သည်။ ဘူးဂါးကုမ္ပဏီ၏ ငွေကြေးကောက်ခံမှု များလွန်းနေကြောင်း ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးများနှင့် ဒေသခံပြည်သူများ တွေ့ဆုံမှုတွင် မကြာခဏတင်ပြ ကြသည်ကိုလည်း တွေ့ရှိရသည်။ ဘူးဂါးလျှပ်စစ် ကုမ္ပဏီသည် ကေအိုင်အိုပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ကချင်ပြည်နယ်အစိုးရ၊ မြန်မာ့လျှပ်စစ်ဖြန့်ဖြူးရေး လုပ်ငန်းတို့နှင့် ၂ဝဝ၇ ခုနှစ်တွင် နှစ်နှစ်ဆယ်ကြာ စာချုပ်ချုပ်ဆို ထားခြင်းဖြစ်သည်။

ကချင်ပြည်နယ်တွင် တရုတ်နိုင်ငံမှ လျှပ်စစ်စီမံကိန်းဆည်နှစ်ခု တည်ဆောက်ထားပြီး ချီဖွေငယ်ရေးအား လျှပ်စစ်မှာ CPI ကုမ္ပဏီက ၎င်းရေအားလျှပ်စစ်ဓာတ်အားကို မြစ်ဆုံစီမံကိန်းတွင်သုံးရန် ဆည်ခုနစ်ခု အနက် ပထမဆုံးတည်ဆောက်ခဲ့သော ဆည်ဖြစ်သည်။ ဒုတိယဆည်မှာ တာပိန်မြစ်ကိုပိတ်၍ တည်ဆောက် ထားသော တာပိန်ရေအားလျှပ်စစ် စီမံကိန်း (၁) ကို ၂ဝဝ၇ ခုနှစ် မတ်လမှစ၍ စတင် တည်ဆောက် ခဲ့သည်။ ယင်းဆည်ကို မြန်မာနိုင်ငံ အမှတ် (၁)လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံ (DUHD) (Dantang (Yunnan) United Hydropower Developing ကုမ္ပဏီတို့ ပူးပေါင်း တည်ဆောက်ခဲ့သည်။ ယင်းစက်ရုံမှ မီဂ္ဂါဝပ် ၂၄ဝ ထွက်ရှိပြီး မြန်မာနိုင်ငံမှ ၁၅ ရာခိုင်နှုန်း ၃၆ မီဂ္ဂါဝပ် ရရှိကာ ၂ဝ၁ဝ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှစတင်ပြီး ဗန်းမော်၊ မိုးမောက်၊မံစီ၊ ရွှေကူမြို့များကို လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးခဲ့သည်။ အစိုးရနှင့် ကေအိုင်အေတို့ တိုက်ပွဲများဖြစ်ပွားခဲ့ချိန်တွင် ယင်းဆည်နှစ်ခုမှ အစိတ်အပိုင်းအချို့နှင့် ဓာတ်အားလိုင်း ဖျက်ဆီးခြင်းခံခဲ့ရသည်။

Eleven Media Group 

No comments:

Post a Comment