Thursday 11 December 2014

ခရီးသည် စိတ်တိုင်းကျ ယာဉ်စီးခ ပေးစီးနိုင်မည့် Air-Con ဘတ်စ်များ ပြေးဆွဲမည်

ခရီးသွားပြည်သူများ စိတ်တိုင်းကျ ယာဉ်စီးခ ပေးစီးနိုင်မည့် Air-Con ယာဉ်များကို တညင်းကုန်း မှတ်တိုင်မှ ဆူးလေ (မြို့တော်ခန်းမဘေး) မှတ်တိုင်အထိ ပြေးဆွဲလျက်ရှိသော ၄၅ ခရီးသည်တင်ယာဉ်တွင် တိုးချဲ့ပြေးဆွဲမည် ဖြစ်ကြောင်း Air-Con ခရီးသယ်တင်ယာဉ် ပိုင်ရှင် ဦးတရုတ်လေးက The Voice သို့ ပြောကြားသည်။

“ကျွန်တော်တို့က ယာဉ်စီးခ မသတ်မှတ်ဘူး။ စပယ်ယာက ဘယ်လောက်ပေးစီးပါလို့ မပြောဘူး။ အဲဒီကား ထဲမှာ စာကပ်ထားမယ်။ “ဝန်ဆောင်မှုကိုကြည့်၍ ခရီးသည်စိတ်ကြိုက် ယာဉ်စီးခ ပေးစီးပါ” ဆိုပြီး ချိတ်ထား ပေးပါမယ်” ဟု ဦးတရုတ်လေးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အထူးယာဉ်လိုင်းများကို ယခင်က လူပိုတင်ခြင်း မပြုဟု ဆိုခဲ့ရာတွင် အထူးယာဉ်လိုင်းများမှ လူပိုများ တင်ဆောင်ခြင်းကြောင့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်မှ အထူးမော်တော် ယာဉ်များ ထပ်တိုးပြေးဆွဲခွင့် မပြုသည့်အတွက် ၄၅ ယာဉ်လိုင်း အတွင်းသို့ ဝင်ရောက်ပြေးဆွဲစေခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

အဆိုပါ မော်တော်ယာဉ်များ ပြေးဆွဲနိုင်ရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက် ရရှိပြီ ဖြစ်ပြီး CNG သုံးစွဲခွင့် ရရှိပါက စတင်ပြေးဆွဲသွားမည် ဖြစ်ကြောင်း ၄၈ ယာဉ်လိုင်းထံမှ သိရသည်။

လတ်တလောတွင် ၄၈ Air-Con ဘတ်စ်များ၏ ယာဉ်စီးခ နှုန်းထားများမှာ ဒညင်းကုန်းမှ အင်းစိန်ပန်းခြံသို့ ကျပ် ၂၀၀ ကောက်ခံပြီး အင်းစိန်ပန်းခြံ ကျော်လွန်သည့် ခရီးစဉ် (အသွား၊ အပြန်) ယာဉ်စီးခများကို ကျပ် ၃၀၀ ကောက်ခံလျက်ရှိပြီး ၄၅ ယာဉ်များကမူ ကျပ် ၅၀၊ ၁၀၀၊ ၂၀၀ နှင့် ၃၀၀ ဟူ၍ ကောက်ခံလျက် ရှိကြောင်း အဆိုပါ ယာဉ်လိုင်းများထံမှ သိရသည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့က ယာဉ်စီးခတွေကို သတ်မှတ်ပေးတာကြောင့်ပါ။ ၄၅ ယာဉ်လိုင်းတွေကို ယာဉ်စီးခ ၅၀၊ ၁၀၀ ပဲ သတ်မှတ်ထားတယ်။ အဲ့ဒါကြောင့် အထူးလိုမျိုး ခရီးသည်ကို ၂၀၀၊ ၃၀၀ သွား ကောက်လို့ မရဘူး။ အစိုးရက သတ်မှတ်ထားတာကို ချိုးဖောက်သလို ဖြစ်သွားနိုင်တယ်” ဟု ယာဉ်လိုင်း ပိုင်ရှင်တစ်ဦးက ဆိုသည်.

ယင်းကိစ္စနင့် ပတ်သက်၍ မထသသို့ ဆက်သွယ်မေးမြန်းရာ လတ်တလောတွင် ယင်းသို့ တိုးချဲ့ပြေးဆွဲမည် ကို သိရှိခြင်းမရှိကြောင်း လာရောက်၍ ခွင့်ပြုချက် လျှောက်ထားခြင်းလည်း မရှိသေးကြောင်း မော်တော် ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇော်က ပြောကြားသည်။

အဆိုပါ ၄၈ Air-Con ဘတ်စ်များ ပိုင်ရှင်သည် ၎င်းအစီအစဉ်ဖြင့် ပြုလုပ်ရန် တင်ပြလေ့ရှိပြီး ၄၅ မော်တော်ယာဉ်လိုင်း အနေနှင့်မူ ရိုးရိုးခရီးသည်တင် ယာဉ်ဖြစ်သည့်အတွက် ယင်းသို့ Air-Con ဘတ်စ်များ တိုးချဲ့ပြေးဆွဲနိုင်မှု မရှိသေးကြောင်း ၎င်းကဆိုသည်။

The Voice Weekly 

No comments:

Post a Comment