Thursday 11 December 2014

နာမည်ကျော် အဆိုတော်တစ်ဦး၏ မိခင်အား ကျပ်သိန်း ၃၀၀ ဖိုးခန့် အလွဲ သုံးစားပြုမှုဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ်တရားရုံးက အလုပ်နှင့် ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်

နာမည်ကျော် အဆိုတော်တစ်ဦး၏မိခင်အား ငွေကျပ်သိန်း ၃ဝဝ ဖိုးခန့် အလွဲသုံးစားမှုဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် တရားသူကြီးက ဒီဇင်ဘာ ၁ဝ ရက်တွင် အလုပ်နှင့် ထောင်ဒဏ်တစ်နှစ်ခွဲ ချမှတ်ခဲ့ ကြောင်း သတင်းရရှိသည်။

ဂီတလောကတွင် နာမည်ရအဆိုတော် တစ်ဦး၏ မိခင်ဖြစ်သူ ဒေါ်ဆွေဆွေအုန်း အား ပြစ်မှုကြီးအမှတ် ၂၆/၁၄၊ ပြစ်မှုပုဒ်မ ၄ဝ၆ ဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် တရားသူကြီးက အလုပ်နှင့်ထောင်ဒဏ် တစ်နှစ်ခွဲ ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂ဝ၁၃ ခုနှစ် ဧပြီ လလယ်ပိုင်းက တရားလို ဒေါ်ခင်ခင်စိန် က ၎င်းပိုင်ဆိုင်သည့် ကျွန်းသစ်ခွဲသားဆိုဒ်စုံ ၁ဝ ချပ်၊ တစ်ထုပ်လျှင် အတုံး ၁၅ဝ ပါဝင်သည့် ပါကေး ၂၃၄ အိတ် စုစုပေါင်းတန်ဖိုး သိန်း ၃ဝဝ ခန့်အား အဆိုတော် သီရိဆွေ၏မိခင် ဒေါ်ဆွေဆွေအုန်းပိုင်ဆိုင်သည့် ဒဂုံဆိပ်ကမ်း မြို့နယ်တွင် ရှိသည့် ဂိုဒေါင်တွင် အပ်နှံခဲ့ကြောင်း မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထိုသို့အပ်နှံထားပြီးနောက် ၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ဒေါ်ခင်ခင်စိန်က အပ်နှံထားသည့် ကျွန်းသစ်များအား သွားရောက် ကြည့်ရှုရာ မရှိတော့သဖြင့် ဂိုဒေါင်စောင့်ဖြစ်သူအား မေးမြန်းကြည့်ရာ လွန်ခဲ့သည့်ခြောက်လခန့်ကပင် ဒေါ်ဆွေဆွေအုန်းမှ သယ်ဆောင်သွားကြောင်း သိရသဖြင့် ယုံကြည်အပ်နှံ ထားသော ပစ္စည်းများကို အလွဲသုံးစားပြုလုပ်သူအား အရေးယူပေးရန် တိုင်တန်းခဲ့သဖြင့် ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းက (ပ) ၉/၁၄ ပြစ်မှု ပုဒ်မ ၄ဝ၆ ဖြင့် ဇန်နဝါရီ ၁ဝ ရက်က အမှုဖွင့်ခဲ့သည့် ဖြစ်စဉ်ဖြစ်ကြောင်း သိရသည်။

တရားလိုရှေ့နေ ဦးရောဘတ်စန်းအောင်က “ပြစ်ဒဏ်က နည်းတဲ့အတွက် လာမယ့် အပတ်ထဲမှာ ရန်ကုန် တိုင်းဒေသကြီး တရားလွှတ်တော်ကို ပြစ်မှု ဆိုင်ရာပြင်ဆင်မှုနဲ့ ပြစ်ဒဏ်တိုးဖို့ တင်သွားမယ်”ဟု ပြောကြားသည်။

Eleven Media Group 

No comments:

Post a Comment