Thursday 11 December 2014

မလေးရှားထောင်မှ လွတ်ငြိမ်းချမ်းသာခွင့်ရသည့် မြန်မာများ ပြန်လာမည်

မလေးရှားနိုင်ငံသို့ ဗီဇာအတုဖြင့် သွားရောက်ခဲ့၍ ထောင် ဒဏ် တစ်နှစ်စီ ချမှတ်ဖမ်းဆီးခံထားရသော မြန်မာ ၅၂ ဦးအနက် ၄၅ ဦးသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၅ ရက်၌ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၂ ရက်က လွတ် ငြိမ်းချမ်းသာခွင့်ရရှိသော မြန်မာ ၅၂ ဦးသည် မလေးရှားထောင်တွင်လေးလသာ ကျခံခဲ့ရခြင်းဖြစ် သည်။ ထို ၅၂ ဦးအနက် ခုနစ်ဦးသည် တရားခံများကို အရေးယူဆောင်ရွက်နိုင်ရန် မလေးရှားနိုင်ငံ အစိုးရသက်သေအနေဖြင့် ဆောင်ရွက်ပေးရမည်ဖြစ်သောကြောင့် တစ်ပတ်ခန့် နောက်ကျပြီးမှသာ ပြန်ရောက်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

‘‘တနင်္လာနေ့ညမှာ ပြန်လာ ကြမယ်။ ခုနစ်ယောက်ကတော့ သက်သေအဖြစ် ထွက်ဆိုပေးရမှာ ဖြစ်လို့ နောက်ကျဦးမယ်။ ဒီလူ တွေ ပြန်ဖို့အတွက်လည်း မြန်မာ သံရုံးရဲ့ စီစဉ်မှုနဲ့ ပရီးမီးယားကော် ဖီမစ်က လေယာဉ် စရိတ်ရော အားလုံးအတွက်ပါ ကူညီပေးတာ ပါ’’ဟု ၎င်းတို့အား လိုက်လံကူညီ ပေးနေသူ ကိုမျိုးက ပြောသည်။

မလေးရှားနိုင်ငံဆိုင်ရာ မြန် မာသံရုံးက အဆိုပါမြန်မာ ၅၂ ဦး ၏ ပြစ်ဒဏ်များပယ်ဖျက်ပေး ရန် အယူခံဝင်၍ သံတမန်အချင်း ချင်း ဆွေးနွေးဆောင်ရွက်ထားမှု ကို သြဂုတ်အတွင်းကပင် လုပ် ဆောင်ခဲ့ကြောင်း မလေးရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံး ဒုအတွင်းဝန် ဦးတင်ဝင်းအောင်က ပြောသည်။

ဇူလိုင် ၈ ရက်က မလေးရှားနိုင်ငံသို့ အလည်အပတ်ဗီဇာ (VisitVisa) ဖြင့် သွားရောက်ခဲ့သော မြန်မာနိုင်ငံ သား ၇၂ ဦးသည် ဗီဇာအတုများဖြစ်နေ၍ မလေး ရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးထိန်းသိမ်းခဲ့ သည်။ ဖမ်းဆီးထားသူများအနက် ဗီဇာအတုကိုင်ဆောင်သူ ၅၂ ဦးကို သြဂုတ် ၁၂ ရက်တွင် မလေးရှားနိုင်ငံ ဆီဗန်း တရားရုံးက ထောင်ဒဏ် တစ်နှစ်စီချမှတ်လိုက်ခြင်း ဖြစ်သည်။

ဗီဇာအတုဖြင့် သွားရောက် ခဲ့သော ၇၂ ဦးတွင် ပြစ်ဒဏ်မှ ကင်းလွတ်သူ ၂၀ ဦးကို မလေးရှားနိုင်ငံမြန်မာ သံရုံးက စက်တင်ဘာ ၁ ရက်တွင် မြန်မာနိုင်ငံသို့ ပြန်ပို့ပေးခဲ့သည်။ ဗီဇာအတုများဖြင့် ခေါ် ဆောင်လာသူ မြန်မာအေးဂျင့်သုံး ဦးကို မလေးရှားနိုင်ငံ ဆီဗန်း တရားရုံးက အမိန့်ချမှတ်ခြင်း မရှိ သေးပေ။

မြန်မာနိုင်ငံသား ၇၂ ဦးကို စုမြတ်အေဂျင်စီက ခေါ်ဆောင် လာခြင်းဖြစ်ပြီး အဆိုပါ စုမြတ် အေဂျင်စီသည် တရားမ၀င်လုပ် ကိုင်နေသော အေဂျင်စီဖြစ်သည်။

7Day DAILY 

No comments:

Post a Comment