Thursday 11 December 2014

နိုင်ငံရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် NLD ပါတီ၏ နိုင်ငံရေးမူဘောင်ရေးဆွဲနေမှု မကြာမီအပြီးသတ်မည်

နိုင်ငံရေးဆွေးနွေးပွဲများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် NLD ပါတီ၏ နိုင်ငံရေး မူဘောင်ရေးဆွဲနေမှု မကြာမီအပြီးသတ်မည်ဟု NLD ပါတီ၏ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ဒီဇင်ဘာ ၁၀ ရက် တွင် ပြာကြားသည်။

"ကျွန်တော်တို့ NLD ပါတီအနေနဲ့ နိုင်ငံရေးမူဘောင်ရေးဆွဲနိုင်ဖို့ ဆွေးနွေးနေတာရှိတယ်။ နိုင်ငံရေး မူဘောင် ရေးဆွဲနိုင်ဖို့ လေးကြိမ်မြောက်ဆွေးနွေးပွဲကို ဒီဇင်ဘာ ၉ ရက်က ရန်ကုန်မှာလုပ်ခဲ့တယ်။ အဲဒီ ဆွေးနွေးပွဲကို ပါတီတာဝန်ရှိသူတွေအပါအ၀င် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် ဆွေးနွေးခဲ့တယ်။ NLD ပါတီအနေနဲ့လည်း နိုင်ငံရေးဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွေ အပါအ၀င် နိုင်ငံရေးကိစ္စတွေအတွက် မူဘောင်ရှိဖို့လိုပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ရေးဆွဲ နေခြင်းဖြစ်ပါတယ်။ အခုဒီကိစ္စအတွက်ဆွေးနွေးပွဲတွေလုပ်နေတာ လေးကြိမ်ရှိပြီဖြစ်တဲ့အတွက် မကြာမီ အပြီးသတ်ဖို့ရှိပါတယ်" ဟု ဦးဝင်းမြင့်ကပြောကြားသည်။

ထို့ပြင် အခြားနိုင်ငံရေးပါတီ ၅၆ ခုကလည်းပူးပေါင်းကာ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တစ်ရပ်အား ရေးဆွဲ ထားကြောင်း သိရသည်။

အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်အပြီး လုပ်ဆောင်မည့် နိုင်ငံရေးဆွေးနွေးပွဲများတွင်အသုံးပြုနိုင်ရန် နိုင်ငံရေး ပါတီ ၅၆ ခုမှ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တစ်ရပ်အား ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

၎င်းနိုင်ငံရေးဆွေးနွေးပွဲမူဘောင်တစ်ရပ် အများသဘောတူရေးဆွဲအတည်ပြုခဲ့သည့် နိုင်ငံရေးပါတီများက ပြည်တွင်းနိုင်ငံရေးပဋိပက္ခများကို လက်နက်ကိုင်ဖြေရှင်းသည့် စစ်ရေးနည်းလမ်းအစား နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ နည်းလမ်းဖြင့် အဖြေရှာရန်၊ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို နိုင်ငံတကာအပစ်ရပ်စာချုပ်များ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ နှစ်ဖက်လိုက်နာရမည့်ကျင့်ဝတ်များ၊ ပူးတွဲ လေ့လာစောင့်ကြည့်ရေးအဖွဲ့များနှင့် ကြားကာလအစီအစဉ်များပါဝင်သည့်စာချုပ်ကို အမြန်ချုပ်ဆို၍ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလမတိုင်မီ စတင်နိုင်ရန်နှင့် ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းဆောင်ရွက်နေစဉ် တစ်ဖက်နှင့်တစ်ဖက် အထင်အမြင် လွဲမှား စေသော၊ တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုလျော့ပါးစေသော၊ အပြောအဆိုအပြုအမူ လုပ်ဆောင်မှု များကို ရှောင်ကြဉ်ကြရန် သက်ဆိုင်သူများအားတိုက်တွန်းကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အလားတူ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) မှရေးဆွဲနေသည့် နိုင်ငံရေး ဆွေး နွေးပွဲ မူဘောင်မူကြမ်းအဆင့် ရရှိနေပြီဖြစ်ကြောင်း UNA ခေါင်းဆောင်တစ်ဦးဖြစ်သူ ရခိုင်အမျိုးသား ပါတီမှ ဦးအေးသာအောင်က ပြောကြားထားသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) အား ၁၉၉၀ ရွေးကောက်ပွဲနိုင် နိုင်ငံရေးပါတီ များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန် အမျိုးသားပါတီ စသည့်တိုင်းရင်းသားပါတီရှစ်ပါတီဖြင့် ပါဝင်ဖွဲ့စည်းထားကြောင်း သိရသည်။

Eleven Media Group 

No comments:

Post a Comment