Thursday 11 December 2014

UNA ညီလာခံတွင် ငြိမ်းချမ်းရေး၊ အခြေခံဥပဒေပြင်ဆင်နိုင်ရေးအဖြေရှာရန် လက်နက်ကိုင်အဖွဲ့များ၊ မိတ်ဖက်ပါတီများအား ဖိတ်ခေါ်ဆွေးနွေးမည်

ဒီဇင်ဘာတတိယပတ်တွင်ပြုလုပ်မည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ၏ ပထမ အကြိမ် ညီလာခံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊  မိတ်ဖက် နိုင်ငံရေး ပါတီနှင့် အဖွဲ့အစည်းများကိုဖိတ်ခေါ်ကာ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်နိုင်ရေးနည်းလမ်းများကို ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း UNA ခေါင်းဆောင် ဦးအေးသာအောင်က ဒီဇင်ဘာ ၁၀ ရက်တွင်ပြောကြားသည်။ 

UNA ညီလာခံကို ဒီဇင်ဘာ ၂၁ ရက်မှ ၂၄ ရက်အထိ ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသာက်ဆိုင်၌ ပြုလုပ် မည်ဖြစ်ကာ ယခုပြုလုပ်မည့် ပထမအကြိမ်ညီလာခံတွင် အဖွဲ့၏ ဖွဲ့စည်းပုံအသစ်ရေးဆွဲ သွားမည် ဖြစ်ပြီး နိုင်ငံရေးအစီရင်ခံစာတစ်စောင်လည်း ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

"UNA ညီလာခံဟာ ၂၁၊ ၂၂ မှာ UNA အဖွဲ့ဝင်တွေဆွေးနွေးပွဲလုပ်မယ်။ ၂၃၊ ၂၄ မှာ ဖြစ်နေတဲ့လက်ရှိ နိုင်ငံရေးအခြေအနေ၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေကို နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ UNFC အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ စတဲ့အဖွဲ့အစည်း များနဲ့ ဆွေးနွေးမှာဖြစ်ပါတယ်" ဟု ဦးအေးသာအောင်ကပြောကြားသည်။ 

ထို့ပြင် ညီလာခံတွင် အဖွဲ့ဝင်ပါတီများကြား နိုင်ငံရေးရပ်တည်ချက်တူညီနိုင်ရေး ဆွေးနွေးသွားမည်ဖြစ်ကာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလုပ်ငန်းစဉ်အပြီး လုပ်ဆောင်မည့်နိုင်ငံရေးဆွေးနွေးပွဲနှင့် ပတ်သက်၍ လက်ရှိနိုင်ငံရေးအဖွဲ့အစည်းများအကြား ကြိုတင်ရေးဆွဲမှုများပြုလုပ်နေသည့် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်နှင့်ပတ်သက်၍မူ ထည့်သွင်းဆွေးနွေးသွားမည်မဟုတ်ကြောင်း ဦးအေးသာအောင် က ဆက်လက်ပြောကြားသည်။ 

"ကျွန်တော်တို့ လက်ရှိနိုင်ငံရေးအခြေအနေကိုဆွေးနွေးမယ်။ သုံးသပ်မယ်။ ပြီးရင် အဖြေတစ်ခုခု ထွက်လာမယ်လို့ မျှော်လင့်တယ်။ နောက် ကျွန်တော်တို့ ဒါတွေဆွေးနွေးနိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကိုလည်း တစ်ဖွဲ့ချင်းစီအနေနဲ့ဖိတ်သွားမှာဖြစ်တယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးကို ဖိတ်သွားမယ်" ဟု ဦးအေးသာအောင်ကပြောကြားသည်။ 

ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA)ကို ၁၉၉၀ ရွေးကောက်ပွဲနိုင် နိုင်ငံရေး ပါတီများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မွန်အမျိုးသားပါတီ စသည့်တိုင်းရင်းသားပါတီရှစ်ပါတီဖြင့် ပါဝင်ဖွဲ့စည်းထားခြင်းဖြစ်သည်။

Eleven Media Group 

No comments:

Post a Comment