Friday 3 October 2014

ဝန်ထမ်းများနှင့် အိမ်ရာမရှိသော ပြည်သူများအတွက် အရစ်ကျငွေပေးချေစနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာများကို ပြည်တွင်းပြည်ပလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်မည်

ရွှေပေါက်ကံမြို့သစ်ရှိ ဆောက်လက်စ တန်ဖိုးနည်းအိမ်ရာအချို့ကို တွေ့ရစဉ်
ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ထမ်းများနှင့် အရပ်ဘက် အိမ်ရာ မရှိသော ဝန်ထမ်းများအတွက် အရစ်ကျငွေပေးချေစနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာများကို ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ တကာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (MICA) နှင့်ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ အကျိုးတူပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် လုပ်ငန်းဆောင်ရွက်ခွင့်အား ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ကော်မတီဖွဲ့၍ တင်ဒါစနစ်ဖြင့် ရွေးချယ်ခွင့် ပြုပေး သွားမည်ဖြစ်ပြီး လုပ်ငန်းရှင်များအနေဖြင့် ရုံးအမှတ် ၁၄၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန နေပြည်တော်၊ ဖုန်း ဝ၆၇-၄ဝ၉ဝ၂၆၊ ၄ဝ၉၃၅၈ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တန်ဖိုးမျှတအိမ်ရာစီမံကိန်းများကို လုပ်ဆောင်ပေးနေရာတွင် ရန်ကုန်၊ မန္တလေးကိုသာ ဦးစားပေး မနေဘဲ အခြားမြို့ကြီးများဖြစ်သည့် တောင်ကြီး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မုံရွာ၊ မကွေးနှင့် စစ်တွေစသည့်မြို့များ ကိုပါ ဆင်းရဲနွမ်းပါးသူများ၊ အိုးမဲ့အိမ်မဲ့များ နေထိုင်နိုင်အောင် သက်သာသည့်ဈေးနှုန်းများဖြင့် Public Housing Project များကိုဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဩဂုတ် ၂ဝ ရက်က နေပြည်တော်၌ ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရ အဖွဲ့၏ ၂ဝ၁၄-၂ဝ၁၅ ဘဏ္ဍာနှစ် ပထမလေးလပတ် အစည်းအဝေးတွင် သမ္မတဦးသိန်းစိန်က ပြောကြားခဲ့သည်။

“ရန်ကုန်မှာ တန်ဖိုးနည်းအိမ်ရာတွေ ထပ်မံဖော်ဆောင်ဖို့ရှိသလို မန္တလေးမှာလည်း တန်ဖိုးနည်းအိမ်ရာတွေ ရောင်းချဖို့ ရှိပါတယ်။ ဒါ့အပြင် ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီး မှာ ဝန်ထမ်းအိမ်ရာတွေ ဖော်ဆောင်ဖို့ သမ္မတကြီးကလည်း လမ်းညွှန်ထားတဲ့အတွက် ဌာနအလိုက် ဝန်ထမ်းအိမ်ရာတွေ ဖော်ထုတ်ဖို့ စီစဉ်နေပါတယ်” ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment