Friday 3 October 2014

ဆန္ဒပြသူများကနုတ်ထွက်ရန် ရာဇသံပေးထားသည့် နောက်ဆုံးအချိန်၌ ဟောင်ကောင်အုပ်ချုပ်ရေးမှူးက နုတ်ထွက်မည်မဟုတ်ဟု အခိုင်အမာ ပြောကြား



အောက်တိုဘာ ၂ ရက် ညပိုင်းက အစိုးရရုံးချုပ်အပြင်ဘက်တွင် ဒီမိုကရေစီ လိုလားသူများ ဆန္ဒပြနေစဉ်

ဟောင်ကောင်အာဏာပိုင်များက အောက်တိုဘာ ၂ ရက်တွင် ဒီမိုကရေစီ လိုလားသော ဆန္ဒပြသူများအား အမြန်ဆုံးလူစုခွဲရန်တောင်းဆိုလိုက်ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့ဘူးများနှင့် ရော်ဘာကျည်ဆန်များကို ယူဆောင်ပြသလိုက်ပြီးနောက် ဟောင်ကောင်တွင် ဆန္ဒပြသူလူအုပ်ကြီးသည် ပိုမိုကြီးထွားလာကြောင်း သိရသည်။


အစိုးရရုံးချုပ်အပြင်ဘက်တွင် ထောင်နှင့်ချီသောလူများသည် အောက်တိုဘာ ၂ ရက်တွင် ပဉ္စမမြောက် ညအဖြစ် စုဝေးနေကြပြီး ရဲတပ်ဖွဲ့က ၎င်းတို့သတ်မှတ် ထားသောမျဉ်းများကို ကျော်လွန်ခြင်းသို့မဟုတ် အစိုးရအဆောက်အအုံကို သိမ်းပိုက်ခြင်းသည် အင်အားသုံးအရေးယူမှုနှင့် ကြုံတွေ့ရမည်ဖြစ်ကြောင်း သတိပေးချက်ထုတ်ပြန်ခဲ့သည်။

ကြီးမားလှသောလူအုပ်ကြီးသည် ဟောင်ကောင်လွှတ်တော်အစည်းအဝေး ခန်းမအပြင်ဘက်အပါအ၀င် ဟောင်ကောင်၏အချက်အချာကျသောနေရာများကို အထိုင်သပိတ်ပြုလုပ်ကာ ပိတ်ဆို့ထားပြီး ဟောင် ကောင် အုပ်ချုပ်ရေးမှူး လျန်ချန်းယင်ကို အောက်တိုဘာ ၂ ရက် ညသန်းခေါင်အချိန်နောက်ဆုံးထား၍ ရာထူးမှ နုတ်ထွက်ပေးရန် ရာဇသံပေးခဲ့ပြီး မနုတ်ထွက်ပါက ပိုမိုကြီးမားသော လုပ်ဆောင်မှုနှင့် ရင်ဆိုင် ရမည်ဟု သတိပေးထားသည်။

သို့သော် လျန်ချန်းယင်က ဆန္ဒပြသူများရာဇသံပေးထားသည့် နောက်ဆုံး အချိန်မတိုင်ခင် မိနစ် ၃၀အလို (ဒေသစံတော်ချိန် ည ၁၁ နာရီခွဲ)တွင် မီဒီယာ များနှင့်တွေ့ဆုံကာ မိန့်ခွန်းပြောကြားခဲ့ရာ၌ ဆန္ဒပြသူ များ၏တောင်းဆိုချက်ကို ပယ်ချကာ သူနုတ်ထွက်မည်မဟုတ်ကြောင်း ပြောကြားခဲ့သော်လည်း အရေးပါ သော အလျှော့ပေးမှုအဖြစ် ဆန္ဒပြပွဲတွင်ပါဝင်သည့် ကျောင်းသား အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်မည် ဟု သဘောတူခဲ့သည်။

သူက "ရွေးကောက်ပွဲအတွက် အလုပ်ဆက်လုပ်ရဦးမှာမို့ ကျွန်တော် နုတ်ထွက် မှာ မဟုတ်ပါဘူး" ဟုပြော ကြားခဲ့သည်။ သို့သော် သူက ယခုဖြစ်ပေါ်နေသော ဆန္ဒပြပွဲများတွင်ပါဝင်သည့် အထင်ရှားဆုံးအုပ်စု တစ်စုဖြစ်သော ဟောင်ကောင် ကျောင်းသားများဖက်ဒရေးရှင်း အဖွဲ့နှင့်ပြု လုပ်မည့် ဆွေးနွေးပွဲများကို ဦးဆောင်ရန် အတွင်းဝန်ချုပ်ကာရီလမ်းကို ခေါင်းဆောင်အဖြစ်ခန့်ထားကြောင်း ပြောကြားခဲ့သည်။ သူက အစိုးရနှင့် ရဲတပ်ဖွဲ့သည် ဆန္ဒပြသူများအား အမြင့်မားဆုံး အဆင့်အထိ သည်းခံခဲ့ကြောင်းလည်း ပြောကြားခဲ့သည်။

ဆန္ဒပြသူများသည် အချက်နှစ်ချက်ကိုတောင်းဆိုထားရာ လျန်ချန်းယင် နုတ်ထွက်ပေးရန်နှင့် ၂၀၁၇ ရွေး ကောက်ပွဲတွင် ဟောင်ကောင်သားများအနေဖြင့် ၎င်းတို့၏အုပ်ချုပ်ရေးမှူးကို ၎င်းတို့ကိုယ်တိုင် အမည် စာရင်းတင်သွင်း ကာ မဲပေးခွင့်ရရေးအတွက် လွတ်လပ်သောရွေးကောက်ပွဲဖြစ်ရေးကို တရုတ် အစိုးရက အာမခံချက်ပေးရန်ဖြစ်သည်။  

Eleven Media Group

No comments:

Post a Comment