Friday 3 October 2014

အိမ်အကူမဟုတ်ဘဲ အနှိပ်ခန်းပို့ခံရ၍ အမျိုးသမီးတစ်ဦး ထွက်ပြေး

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့တွင် အိမ်အကူအလုပ်လုပ်ရမည်ဟုဆိုကာ ခေါ်လာပြီး အနှိပ်ခန်း ပို့ခံ ရကာ ပြည့်တန်ဆာလုပ်ခိုင်းမည်ကို ကြောက်ရွံ့သဖြင့် အမျိုးသမီးတစ်ဦးထွက်ပြေးလာကြောင်း လားရှိုးမြို့မ ရဲတပ်ဖွဲ့စခန်း ထံမှ သိရှိရသည်။

အသက် ၁၈ နှစ်အရွယ် အဆိုပါ အမျိုးသမီးသည် စက်တင်ဘာလ ၂၈ ရက် နေ့က ထွက်ပြေးလာပြီး အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ် (၁၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ထံ လာရောက် အကူအညီ တောင်း ခံခြင်း ဖြစ် ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့စုမှ ရဲအုပ် အောင်လိန်းကီး က ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှ အဆိုပါ အမျိုးသမီးကို တစ်ရွာ တည်းနေ ဒေါ်ညွန့်တင် ဆိုသူ က တစ်လလျှင် လုပ်အားခ ခုနစ်သောင်းကျပ်ဖြင့် လားရှိုးမြို့တွင် အိမ်အကူ လုပ်ရမည်ဟု ဆိုကာ ခေါ် လာခြင်း ဖြစ်ပြီး လားရှိုးမြို့ သို့ စက်တင်ဘာ ၂၇ ရက်နေ့တွင် ရောက်ရှိခဲ့သည်ဟု ကာယကံရှင် အမျိုးသမီး က ပြောဆိုကြောင်း ရဲအုပ် အောင်လိန်းကီးက ဆိုသည်။

လာရှိုးမြို့သို့ ရောက်ရှိချိန်တွင် အိမ်အကူ အလုပ်မဟုတ်ဘဲ အနှိပ်ခန်းတွင် လုပ်ရမည်ဟုပြောဆိုကာ လားရှိုးမြို့၊ ရပ်ကွက် (၁)၊ နယ်မြေ (၅) ပြည်ထောင်စု လမ်းမကြီးနှင့် ဘုရားလမ်းထောင့်ရှိ ခန့်ရှိုး အလှပြင် ဆိုင်သို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ပြန်လည်ပြောဆိုသည်။

ခန့်ရှိုးအလှပြင်ဆိုင် ပိုင်ရှင်ထံမှ ဒေါ်ညွန့်တင်က ငွေကျပ် တစ်သိန်းငါးထောင်ကို ထုတ်ယူပြီး ယင်းအလှ ပြင်ဆိုင်တွင် အလုပ်လုပ်နေသည့် ၎င်း၏သမီးဖြစ်သူနှင့် ငွေများကို ခွဲဝေနုတ်ယူကာ ငွေကျပ်နှစ်သောင်းကို အဆိုပါ ကာယကံရှင် အမျိုးသမီးကို ပေးခဲ့ကြောင်း ရဲအုပ် အောင်လိန်းကီးက ပြောကြားသည်။

အနှိပ်ခန်းတွင် အလုပ်လုပ်ကိုင်စဉ် အချို့အမျိုးသမီးများကို ပြည့်တန်ဆာအဖြစ် လုပ်ခိုင်းသည်ကို တွေ့မြင်ရ သဖြင့် ပြည့်တန်ဆာ လုပ်ခိုင်းမည်ကို စိုးရိမ်၍ ထွက်ပြေးလာခြင်း ဖြစ်သည်ဟု ကာယကံရှင် အမျိုးသမီး ထွက်ဆိုမှုများကို ၎င်းက ပြန်လည် ရှင်းပြသည်။

အိမ်အကူအဖြစ် အလုပ်လုပ်ရမည်ဆိုကာ လိမ်လည်ခေါ်ဆောင်လာခြင်း၊ ငွေကြေး အကျိုးအမြတ် ခံစားခြင်း တို့ကြောင့် ဒေါ်ညွှန့်တင်နှင့် ၎င်း၏သမီးဖြစ်သူ၊ ခန့်ရှိုးအလှပြင်ဆိုင် ပိုင်ရှင်တို့ကို လားရှိုးမြို့မ ရဲတပ်ဖွဲ့စခန်း က လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ- ၂၄ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့ စခန်းထံမှ သိရှိရသည်။ ခန့်ရှိုး အလှပြင်ဆိုင်သည် အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးနှင့် ကိုက် ၂၀၀ ဝန်းကျင်သာ ကွာဝေးသည်။

လာရှိုးမြို့၏ တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်သည့် သာသနာ ၂၅၀၀ ဘုရား အဝင်လမ်းတွင် အနှိပ်ခန်း၊ ပြည့် တန်ဆာအိမ်များ ရှိနေပြီး ဖမ်းဆီး ထောင်ချမှုများ ပြုလုပ်သော်လည်း ပျောက်ကွယ်သွားခြင်း မရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment