Thursday 18 September 2014

ဆက်ကြေးမပေးနိုင်သော ဒေသခံ ၁၀ ဦးအား မိုင်းရှင်းလင်းစေခိုင်းမှု KIA ခေါင်းဆောင်ပိုင်းထံ ကန့်ကွက်စာပို့

ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ အောင်မင်္ဂလာရပ်ကွက်နေ တစ်ပိုင်တစ်နိုင်သစ်ခုတ်လုပ်ငန်း လုပ်ကိုင် သူဒေသခံ (၁၀) ဦး အားစက်တင်ဘာ ၁၀ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အဖွဲ့မှ ဖမ်းဆီးပြီး မိုင်းရှင်းလင်း ခိုင်းစေမှုကို မကျေနပ်သဖြင့် ကန့်ကွက်စာပို့ခဲ့ကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။
အဆိုပါဒေသခံ (၁၀) ဦးသည် ခမ်းမော်ချောင်းစခန်းနှင့် ၅ မိုင်ခန့်အကွာတွင် ဒေသသုံးသပ်လုပ်ငန်း လုပ် ကိုင်နေစဉ် KIA အဖွဲ့မှ ဆက်ကြေးလာရောက်ကောက်ခံရာ မပေးနိုင်သဖြင့် မိုင်းရှင်းလင်းခိုင်းခံ ရဖြင်းဖြစ်ကြောင်း ကိုယ်တိုင်ပါဝင်သူ ဒေသခံတစ်ဦးက ဆိုသည်။

``တစ်ယောက်ကို ၂ သိန်းနှုန်းနဲ့ ဆယ်ယောက်စာ သိန်း ၂၀ ပေရမယ်ဆိုပြီး ဆက်ကြေးလာတောင်းတယ်၊ မပေးနိုင်တဲ့ အကြောင်း တောင်းပန်ပေမယ့်မရဘူး၊ အတင်းဖမ်းခေါ်သွားတာ၊ စခန်းရောက်တော့ မိုင်းရှာ ခိုင်းတယ်´´ဟု ခေါင်းဆောင် လုပ်သူဦးမြဦးကပြောသည်။

KIA အဖွဲ့မှ ဒေသခံ (၁၀) ဦးအား ခမ်းမော်ချောင်းစခန်းဝန်းကျင်တွင် နံနက် ၈ နာရီမှ ညနေ ၄ နာရီအထိ မိုင်းရှင်းလင်းခိုင်း ကြောင်း၊ ကံကောင်းထောက်မစွာ မိုင်းနင်းမိ ပေါက်ကွဲမှု မဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

``အဲဒီကိစ္စနဲ့ပတ်သက်လို့ KIA ခေါင်းဆောင်ပိုင်းကို စာပို့ထားပါတယ်၊ ဘယ်လိုဖြေ ရှင်းပေးမလဲ ဆိုတော့ စောင့်ကြည့် နေပါတယ်၊ အပြစ်မဲ့ပြည်သူကို မိုင်းရှာခိုင်းတာ လက်ခံနိုင်တဲ့ကိစ္စ မဟုတ်ဘူး လို့ မြင်ပါတယ်´´ဟုဆင်ဘိုမြို့နယ်ခွဲ ရှမ်းမျိုး နွယ်စုရေးရာအဖွဲ့ဝင် ဦးတိုးဝင်းကပြောကြားသည်။

ဖမ်းဆီးမိုင်းရှင်းလင်းစေခိုင်းခံရသူ ဒေသခံ (၁၀) ဦးနှင့်အတူ ဦးတိုးဝင်းကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုး၍ KIA ခေါင်းဆောင်းပိုင်းထံသို့ ကန့်ကွက်စာ ပေးပို့ထားကြောင်း သိရှိရပါသည်။

ဇော်မိုင်
KDN

No comments:

Post a Comment