Thursday 18 September 2014

(၄၀)ကျော် ထိပ်ပြောင်သော အမျိုးသားများ ကင်ဆာရောဂါအန္တရာယ်ပိုများ

အသက်(၄၀)ကျော် ထိပ်မပြောင်သောအမျိုးသားများနှင့် နှိုင်းယှဉ်ပါက အသက် (၄၅)နှစ်အရွယ်တွင် ပုံစံ တစ်မျိုး မျိုးဖြင့် ထိပ်ပြောင်သော အမျိုးသားများသည် အသက်ကြီးလာချိန်တွင် ဆီးကျိတ်ကင်ဆာဖြစ်နိုင်သည့် အန္တရာယ် ၄၀ ရာခိုင်နှုန်းပိုများကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။
‘‘အသက် (၄၅)နှစ်အရွယ်မှာ ဆံပင်အတော်အသင့်ပါးတဲ့ အမျိုးသားတွေ၊ ထိပ်ပြောင်တဲ့အမျိုးသားတွေ၊ ဆံပင်ကျွတ်တာများတဲ့အမျိုးသားတွေ မှာပဲ ပြင်းထန်တဲ့ ဆီးကျိတ်ကင်ဆာအန္တရာယ်ပိုများတာကို ကျွန်တော် တို့လေ့လာမှုအရ စစ်ဆေးတွေ့ရှိခဲ့ပါတယ်’’ဟု အမေရိကန်နိုင်ငံ မယ်ရီလန်းပြည်နယ် ဘီသက်စ်ဆာမြို့ရှိ အမျိုးသားကင်ဆာရောဂါဌာနမှ စုံစမ်းစစ်ဆေးရေးမှူး မိုက်ကယ်ဘီကွတ်က ပြောသည်။

သို့သော် အခြားသောဆံပင်ကျွတ်ခြင်းပုံစံများရှိသည့် အမျိုးသားများတွင် ဆီးကျိတ်ကင်ဆာအန္တရာယ်မတွေ့ ရဟု ဘီကွတ်က ထပ်လောင်းပြောကြားသည်။ အမေရိကန်ကင်ဆာစစ်ဆေးရေးဌာနတွင် စစ်ဆေးခံသူ အသက် (၅၅)နှစ်မှ (၇၄)နှစ်ကြား အမျိုးသား၃၉,၀၇၀ ဦးတို့တွင် ဆီးကျိတ်ရောဂါအန္တရာယ်နှင့် ထိပ်ပြောင်ခြင်းကြားဆက်စပ်မှုကို သုတေသီများ စိစစ်လေ့လာခဲ့ကြသည်။

၎င်းတို့ကို အသက်(၄၅)နှစ်အရွယ်တွင် ထိပ်ပြောင်ခြင်း၊ ဆံပင် ကျွတ်ခြင်းရှိ၊ မရှိ သုတေသီ များက မေးမြန်း ခဲ့ပြီး လေ့လာမှုအတွင်း ပါဝင်သူ ၁,၁၃၈ ဦးမှာ ဆီးကျိတ်ကင်ဆာရောဂါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ သည်။ လေ့လာမှုတွင်ပါဝင်သူ ၅၁ ရာခိုင်နှုန်းမှာ ဆီးကျိတ်ကင်ဆာပြင်းထန်ကြောင်း သိရသည်။

ယင်းလေ့လာမှုအရ ထိပ်မပြောင်သော အမျိုးသားများထက် ထိပ် ပြောင်သော အမျိုးသားများသည် ဆီးကျိတ် ကင်ဆာဖြစ်နိုင်သည့် အန္တရာယ် ၄၀ ရာခိုင်နှုန်းပိုများကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

ဆီးကျိတ်ကင်ဆာရောဂါနှင့် ထိပ်ပြောင်ခြင်းနှစ်ခုစလုံးမှာ အမျိုးသားများ၏ လိင်ဟော်မုန်းနှင့် ယင်းဟော်မုန်း များ ပို့လွှတ်သည့် အာရုံကြောများအဆင့်မြင့်မားမှုနှင့်ဆက်နွှယ်ကြောင်း အထောက်အထားတွေ့ရှိရသဖြင့် ထိပ်ပြောင်ခြင်းနှင့် ဆီးကျိတ်ကင်ဆာဖြစ်နိုင်ခြင်း၊ ရောဂါအဆင့်မြင့်လာခြင်းကြား ဇီဝဗေဒဆိုင်ရာ ဆက်စပ် မှု ရှိကြောင်းသုတေသီများက ပြောသည်။ ယခုလေ့လာမှုကို Clinical Oncology ဂျာနယ်တွင် ဖော်ပြ ထားသည်။

Ref: TOI
7Day DAILY

No comments:

Post a Comment