Thursday 18 September 2014

ပြည်တွင်းရေနံလုပ်ကွက်များမှ ရသော ဝင်ငွေနှင့် အခွန်များ ထုတ်ပြန်ပေးမည်ဟု အစိုးရဆို

မြန်မာနိုင်ငံအတွင်း နိုင်ငံခြားကုမ္ပဏီများနှင့် အစိုးရတို့ ပူးပေါင်း လုပ်ကိုင်နေသော ကမ်းလွန်ရေနံ လုပ်ကွက် များနှင့် ကုန်တွင်းရေနံလုပ်ကွက်များမှရရှိသည့် အခွန်နှင့် ဝင်ငွေပမာဏကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေး မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောသည်။
“ပြည်တွင်းသာမက ကမ္ဘာကသိအောင် ကြေညာသွားမယ်” ဟု ၎င်းကဆိုသည်။ စက်တင်ဘာလ ၁၇ ရက်နေ့ တွင် ကျင်းပပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကန်ပက်လက် မဲဆန္ဒနယ်မှ ပြည် သူ့ လွှတ်တော် ကိုယ်စားလှယ် သူရဦးအောင်ကိုက ကမ်းလွန်နှင့် ကုန်းတွင်း ရေနံဓာတ်ငွေ့ လုပ်ကွက် များကို ကျွမ်းကျင်ပညာရှင်များ ပါဝင်သော အဖွဲ့များဖြင့် စောင့်ကြည့်အဖွဲ့များမှ စောင့်ကြည့်ကြပ် မတ်သော အစီအမံများ ဆောင်ရွက်နိုင်ခြင်း ရှိမရှိ မေးမြန်းရာ ၎င်းက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အခွန်များ ဝင်ငွေများအပြင် EITI နှင့် သက်ဆိုင်သည့် အကြောင်းအရာ အချက်အလက်များကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ မတိုင်မီ သတင်းထုတ်ပြန်ပေး သွားမည် ဖြစ်ကြောင်း အဆိုပါ ဒုတိယဝန်ကြီးက ထပ်လောင်းပြောသည်။

အစိုးရသစ် လက်ထက်တွင် ကုန်းတွင်းလုပ်ကွက် ၃၆ ကွက်ကို တင်ဒါခေါ်ယူခဲ့ပြီး ပြည်တွင်းပြည်ပ ရှာဖွေရေး ကုမ္ပဏီ ၅၀ မှ ကုမ္ပဏီ ၈ ခုဖြင့် လုပ်ကွက် ၁၅ ခုကို ရှာဖွေလုပ်ကိုင်စေခဲ့ပြီး ကမ်းလွန်လုပ်ကွက် (၃၀) အတွက် ထပ်မံလုပ်ကိုင်ရန် စီစဉ်လျက် ရှိကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

ပြည်တွင်း ရေနံလုပ်ကွက်များကို တာဝန်ခံမှုနှင့် စည်းမျဉ်းစည်းကမ်းများကို စာချုပ်ပါ သတ်မှတ်ချက်နှင့်အညီ လုပ်ကိုင်စေမည် ဖြစ်ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ရှေ့နေချုပ်ရုံး၊ ဘဏ္ဍာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင် ရာ ဝန်ကြီးဌာနများမှ စိစစ်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် နိုင်ငံတော် သမ္မတရုံးသို့ တင်ပြပြီးမှ သာ ခွင့်ပြုလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနထံမှ သိရှိရသည်။

7Day DAILY

No comments:

Post a Comment