Thursday 18 September 2014

ရတနာပုံတက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးအား ဖမ်းဆီးတရားစွဲဆိုခြင်းသည် ကျောင်းသားအခွင့်အရေးကို ထိခိုက်နစ်နာစေဟု ဗကသများအဖွဲ့ချုပ် ထုတ်ပြန်

ရတနာပုံတက္ကသိုလ်ကျောင်းသူ မဖြူနှင်းထွေးကို ဖမ်းဆီးတရားစွဲဆိုခြင်းသည် ကျောင်းသားထု အခွင့်အရေးကို ထိခိုက်နစ်နာစေခြင်း အပါအဝင် အချက်ငါးချက်ဖြင့် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်က စက်တင်ဘာ ၁၆ ရက် ညနေပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရတနာပုံတက္ကသိုလ်ဒုတိယနှစ် အဝေးသင် (မြန်မာစာ) ကျောင်းသူမဖြူနှင်းထွေးမှာ ၂ဝ၁၄ ခုနှစ် မေလ အတွင်းက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ တရုတ်နိုင်ငံသား နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင် ခဲ့ရာတွင် ပါဝင်သည်ဟုဆိုကာ ပြစ်မှုသေး ၁/၂ဝ၁၄ ပုဒ်မ ၃၆၄/၃၆၈ ကျင့် ၅၁၂ ဖြင့် တရားစွဲ ခံနေရခြင်းဖြစ်ပြီး စက်တင်ဘာ ၁၃ ရက်၌ ဖမ်းဆီးခံခဲ့ရကာ လက်ရှိအချိန်တွင် မုံရွာအကျဉ်းထောင်တွင် ထိန်းသိမ်းခံနေရသူဖြစ်သည်။

ယင်းကဲ့သို့ တက္ကသိုလ်ကျောင်းသူတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းမှုအပေါ် ဗကသ များအဖွဲ့ချုပ်က မဖြူနှင်းထွေးသည် လက်ပံတောင်းဒေသခံ ပြည်သူများ၏ တရားမျှတသောတိုက်ပွဲကို ကူညီဆောင်ရွက်နေသည့် အတွက် အစိုးရမှ မတရားပုဒ်မတပ် ဖမ်းဆီးခြင်းကို အပြင်းအထန် ကန့်ကွက်ကြောင်း၊ တရားစွဲဆိုထားသော အမှုတွင် အခြားရွာသား ငါးဦးအား အမှုပိတ် သိမ်းပြီး ဖြစ်သော်လည်း မကြာခင် စာမေးပွဲဖြေဆိုရန်ရှိသော တက္ကသိုလ်ကျောင်းသူကို ဖမ်းဆီးတရားစွဲဆိုခြင်းသည် ကျောင်းသားထု အခွင့်အရေးကို များစွာထိခိုက်နစ်နာစေကြောင်းနှ
င့် ဗကသများ အဖွဲ့ချုပ်အနေဖြင့် ရဲဘော်ဖြူနှင်းထွေးအား စွဲဆိုထားသော ပုဒ်မများကိုပယ်ဖျက်၍ အမြန်ဆုံးပြန်လည် လွတ်မြောက်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းသွားမည်ဟု သဘောထားကြေညာချက်တွင် ပါရှိသည်။
ထို့ပြင် ၎င်းတို့နှင့်အတူ ကျောင်းသားသမဂ္ဂအသီးသီးမှ ရဲဘော်များ၊ ကျောင်းသား/ကျောင်းသူများ၊ လူထုလူတန်းစား အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများနှင့် ဖိနှိပ်ခံပြည်သူတစ်ရပ်လုံးက လက်တွဲပူးပေါင်း ဆောင်ရွက်ပေးရန်နှင့် အစိုးရအနေဖြင့် ကျောင်းသား သမဂ္ဂအဖွဲ့ဝင် ကျောင်းသားများ အား ဖမ်းဆီး၊ တရားစွဲဆိုမှုများ ပြုလုပ်နေခြင်းသည် စစ်အာဏာရှင်များ၏ လုပ်နည်း၊ လုပ်ဟန်များအတိုင်း ဖြစ်နေသလို ထိုသို့ဆက်လုပ်နေပါက နောက်ဖြစ်ပေါ်လာမည့် အကျိုးဆက်များသည် လက်ရှိအစိုးရ၏ တာဝန်သာဖြစ်ကြောင်း ပြင်းထန်စွာ သတိပေးလိုက်သည်ဟု သဘောထား ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကျွန်တော်တို့ကတော့ မဖြူနှင်းထွေး အမြန်ဆုံးလွတ်ဖို့ တွေ့ဆုံဆွေးနွေးစရာရှိလည်း ဆွေးနွေးဖို့လုပ်မယ်။ မဟုတ်ရင်လည်း တောင်းဆိုတိုက်ပွဲဝင်ဖို့တွေ လုပ်သွားမယ်” ဟု ဗကသများအဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment