Monday 15 September 2014

ကမန်အဖြစ် ပန်းရောင်ကတ်ကိုင်ဆောင်ထားသူများအား စစ်ဆေးသည့်အခါ အငြင်းပွားမှု၊ ငြင်းဆန်မှုများ ရှိနေသဖြင့် မြေပုံမြို့နယ်တွင် နိုင်ငံသားစိစစ်မှု ရပ်နား


မြေပုံမြို့ တောင်ပေါ်ဘင်္ဂါလီကယ်ဆယ်ရေးစခန်းတွင် နိုင်ငံသားစိစစ် ဆောင်ရွက်နေပုံ
ကမန်အဖြစ် ပန်းရောင်ကတ်ကိုင်ဆောင်ထားသူများအား စစ်ဆေးသည့်အခါ အငြင်းပွားမှု၊ ငြင်းဆန်မှုများ ရှိနေ သဖြင့် ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်တွင် မြို့နယ်အဆင့် နိုင်ငံသားစိစစ်မှု ရပ်နားထားရကြောင်း သတင်း ရရှိသည်။


“စိစစ်မှုတွေကို အခုတော့ လောလောဆယ် ရပ်ထားရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုရပ်ဖို့ဆိုတာ အစီအစဉ် မရှိခဲ့ဘူး။ အခု ကမန်ကို စစ်ဆေးခါမှ ရပ်ထားရတာ ဖြစ်လာတယ်။ ပုံစံ ၆ တွေကတော့ စစ်ဆေး ပြီးပြီ။ အခု နိုင်ငံသားစိစစ်ရေးကတ် ကိုင်ဆောင်ထားသူတွေကိုလည်း စစ်မယ်။ လ၀ကညွှန်ကြားရေးမှူးက လည်း စိစစ်ခံရမယ်ဆိုပြီး ပြောခဲ့တာရှိတယ်။

ဘင်္ဂါလီတွေဆီမှာ ကမန်လက်မှတ်အတုတွေ ရှိနိုင်တဲ့အတွက် စစ်ဆေးဖို့လုပ်တဲ့အခါမှာ စစ်ဆေးမခံ တာ ဖြစ် လာ တယ်။ ဒါကြောင့် ရပ်ထားရတာဖြစ်တယ်” ဟု မြို့နယ်အဆင့် နိုင်ငံသားစိစစ်ရေးအဖွဲ့တွင် ပါဝင်သူ မြေပုံမြို့ခံ ဦးဖေညွန့်က ပြောပြသည်။

ရခိုင်ပြည်နယ် မြေပုံဒုက္ခသည်စခန်းတွင် ၁၉၈၂ နိုင်ငံသားဖြစ်ခွင့် ဥပဒေဖြင့် စိစစ်ရာ ဘင်္ဂါလီများအား စစ်ဆေးပြီးဖြစ်၍ ကမန်များကို စစ်ဆေးမှုတွင် စိစစ်ခံမခံ အငြင်းပွားကာ ရပ်နားထားရခြင်းဖြစ်သည်။

မြေပုံမြို့နယ်တွင် ယင်းသို့ နိုင်ငံသားစိစစ်မှုအား စက်တင်ဘာ ၉ ရက်ကတည်းက ယာယီရပ်ထား ရခြင်းဖြစ်ပြီး ယင်းသို့ရပ်ဆိုင်းနေခြင်းနှင့်ပတ်သက် ၍ နေပြည်တော် မှ လ၀ကအရာရှိ မြေပုံသို့ လာရောက် ရန် ရှိပြီး အဆိုပါအရာရှိ ရောက်ရှိ လာမှ စိစစ်မှုများ ပြန်လည်စတင်ခြင်း ရှိ၊ မရှိ သိရှိရမည်ဟုလည်း သိရ သည်။

“အခုတော့ လ၀ကညွှန်မှူးတွေ လာဖို့ကို စောင့်နေရဆဲဖြစ်တယ်။ အခု ကမန်ကို ပြန်စစ်ဆေးတဲ့အခါမှာ သံသယရှိစရာတွေဖြစ်လာရင် စစ်ဆေးတာကို ရပ်လိုက်ပြီး မြို့မှာဆန္ဒပြဖို့ပဲ ရှိတော့တယ်။ ဒီလို ကမန်ကတ် ကိုင်ဆောင်သူက ၅၇ ဦးရှိတယ်။ ဒီလို ကမန်ကတ်တွေ များလာတာဟာ ၀န်ထမ်းတွေရဲ့ အဂတိ တရားမကင်းဘဲ ထုတ်ပေးခဲ့လို့ ဖြစ်ရတယ်လို့ သံသယရှိတယ်။ ကျွန်တော်တို့ကတော့ ကမန်ကို စစ်ချင် တယ်။ ကမန်အမှန်ဖြစ်ရင်လည်း ဥပဒေအတိုင်း ကမန်ကတ် ကိုင်ဆောင်ရမယ်။ အတုဖြစ်နေရင်လည်း ဥပဒေ အတိုင်းဖြစ်အောင် လုပ်ရမယ်” ဟု မြေပုံမြို့ခံ ဦးဖေညွန့်က ဆိုသည်။

မြေပုံမြို့နယ် တောင်ပေါ်ဘင်္ဂါလီ ကယ်ဆယ်ရေးစခန်းတွင် လူဦးရေစိစစ်ခြင်းကို ပြုလုပ်လျက်ရှိပြီး သုံးခေါ က် ချိုးလက်မှတ် ကိုင်ဆောင်ထားသူများ၊ ပန်းရောင်ကတ် ကိုင်ဆောင်ထားသူများနှင့် အဖြူ ရောင်ကတ် ကိုင်ဆောင်ထားသူများကိုလည်း စိစစ်ခြင်းဖြစ်ပြီး မတ်လ ၅ ရက်က စတင် ခဲ့သော နိုင်ငံသားစိစစ်မှုတွင် စက်တင်ဘာလ ၇ ရက်အထိ စုစုပေါင်း ၇၀၂ ဦး စစ်ဆေးပြီးဖြစ်ကြောင်း၊ အဆိုပါ စိစစ်ပြီးသူများ အနက် နိုင်ငံသားအဖြစ် သဘောထားမှတ်ချက်ပြုသူ ၉၈ ဦး၊ နိုင်ငံသားပြုခွင့်ရသူ အဖြစ် သဘောထား မှတ်ချက်ပြုသူ ၅၉၀ ဦးနှင့် ဆောင်ရွက်ပေးရန်မသင့်ဟု သဘောထားမှတ်ချက်ပြုသူ ၁၄ ဦးတို့ဖြ စ်ကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Group

No comments:

Post a Comment