Thursday 21 August 2014

ဦးဆန်းဆင့်အမှုနှင့်ပတ်သက်၍ သာသနာရေးဒုတိယ၀န်ကြီးကို စစ်ဆေး

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား တရားစွဲဆိုထားသည့် ပုဒ်မနှစ်ခုနှင့် ပတ်သက်၍ လက်ရှိတွင် သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးမောင်မောင်ဌေးကို သြဂုတ်လ (၁၉)ရက်တွင် ဒက္ခိဏခရိုင် တရားရုံး၌ ဒုတိယအကြိမ် စစ်ဆေးခဲ့သည်။
“ပုဒ်မနှစ်ခုအတွက် လာရောက်အစစ်ဆေးခံရတာပါ။ ပုဒ်မနှစ်ခုဆိုတော့ ဒုတိယအကြိမ်ပါ။”ဟု သာသနာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဌေးက ပြောသည်။

ဝန်ကြီးဟောင်းအား စွဲဆိုထားသည့် ပုဒ်မ-၄၀၉ ယုံကြည်အပ်နှံဖောက်ဖျက်မှုနှင့် ပတ်သက်ပြီး သာသ နာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဌေးနှင့် စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးဦးမောင်ရီကို စစ်ဆေးခဲ့ပြီး ပုဒ်မ- ၁၂၄ (က)အတွက် သက်သေ (၄)ဦးအပါအ၀င် တရားလိုသက်သေ စုစုပေါင်း (၆)ဦးကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားလိုသက်သေ (၃၆) ဦးကို စစ်ဆေးမည်ဖြစ်ပြီး သြဂုတ်လ (၁၉) ရက်တွင် သက်သေ (၄) ဦးဖြစ်သည့် သာသနာရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးမင်းထွန်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းညွှန့်၊ ဒုတိယညွှန်ကြားရေးမှူး (ပုံနှိပ်)ရန်ကုန်မှ ဦးဝင်းထင်အောင်နှင့် ညွှန် ကြားရေးမှူး ဦးစိုးနိုင်တို့ကို စစ်ဆေးခဲ့ခြင်းဖြစ်သည်။

အမှုရင်ဆိုင်နေစဉ်ကာလအတွင်း ၀န်ကြီးဟောင်းဦးဆန်းဆင့်သည် ကျန်းမာရေးချို့ယွင်းနေပြီး အချိန်မရွေး စိုးရိမ်ရသည့်အခြေအနေဖြစ် လာနိုင်သောကြောင့် အချုပ်လွှတ်အာမခံရရှိရန် မန္တလေးတိုင်းတရားရုံးကို အာမခံတင်သွင်းထားကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဆန်းမြင့်ထံမှ သိရသည်။

ဦးဆန်းဆင့်သည် ငွေကျပ် သိန်း(၁၀၀) အလွဲသုံးစားလုပ်သည်ဟုဆိုကာ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနက စွဲဆိုသည့်အမှုကို သြဂုတ်လ (၂၂) ရက်တွင် ဒက္ခိဏခရိုင်တရားရုံးတွင် ပြန်လည်ချိန်းဆို ထားကြောင်း သိရသည်။ 

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ရန်ကုန်မြို့မဟာသန္တိ သုခကျောင်းပိုင်ဆိုင်မှု အငြင်းပွားမှု အား ဖြေရှင်းလိုက်ပြီးနောက် ပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုလိုက်ခြင်းဖြစ်သည်။

Shwe Myitmakha Media Group

No comments:

Post a Comment