Thursday 21 August 2014

အီဘိုလာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေသော အနောက်အာဖရိကမှပြန်လာပြီး ဖျားနာနေသူအပါအ၀င် လူနာနှင့်အတူ လိုက်ပါလာသူလေးဦးအား အီဘိုလာဗိုင်းရပ်စ် ကူးစက်မှု ရှိ မရှိ စောင့်ကြည့်စစ်ဆေးနေ

သြဂုတ် ၂၀ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အီဘိုလာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စောင့် ကြည့် စစ်ဆေးနေသော ကျန်းမာရေးတာဝန်ရှိသူများက ဆိုက်ရောက်ခရီးသည် တစ်ဦးအား ကျန်းမာရေး ဆိုင်ရာ စစ်ဆေးမှုပြုလုပ်နေစဉ်
အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ဖြစ်ပွားလျက်ရှိသော အနောက်အာဖရိကမှပြန်လာပြီး ဖျားနာနေသူကို အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်မှု ရှိ မရှိ ဝေဘာဂီဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် စောင့်ကြပ် ကြည့်ရှုကုသ လျက်ရှိပြီး ဖျားနာနေသူအပါအ၀င် လူနာနှင့်အတူ လိုက်ပါလာသူလေးဦးတွင် အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှု ရှိ မရှိ အတည်ပြုနိုင်ရန် ၎င်းတို့၏ သွေးနမူနာများကို အိန္ဒိယသို့ ပေးပို့စစ်ဆေး ထားကြောင်း အထူးကုဆေးရုံ(ဝေဘာဂီ)မှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းသန်းဌေး၏ ပြောကြားချက်အရ သိရသည်။

သြဂုတ် ၁၉ ရက် ည ၈ နာရီဝန်းကျင်ခန့်က ထိုင်းနိုင်ငံမှ MAI လေကြောင်း လိုင်း 8M 332 ဖြင့် ပြန်လာသည့် ခရီးသည်များအနက်မှ ခရီးသည်တစ်ဦးမှာ လေဆိပ်ရှိ အပူချိန်တိုင်းကိရိယာဖြင့် စစ်ဆေးရာတွင် ကိုယ်လက်မအီမသာဖြစ်ကာ အပူချိန်မြင့်နေပြီး အီဘိုလာဗိုင်းရပ်စ်ပိုး သံသယလက္ခဏာများ တွေ့ရှိ ခဲ့ကြောင်း၊ သံသယလက္ခဏာများ တွေ့ရှိခဲ့သူလူနာမှာ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ယင်း လူနာသည် အီဘိုလာဗိုင်းရပ်ပိုး ကူးစက်ဖြစ်ပွားနေသည့် ဂီနီနှင့်လိုင်ဘေးရီးယားနိုင်ငံများတွင် အလုပ် သွားရောက်လုပ်ကိုင်ပြီး မြန်မာနိုင်ငံသို့ ပြန်လာသူဖြစ်ကြောင်းနှင့် လူနာနှင့်အတူ ခရီးစဉ် အတွင်းပါလာသူလေးဦးကိုလည်း အထူးကုဆေးရုံ(ဝေဘာဂီ)သို့ ပို့ဆောင်ထားကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်ပဆိုက်ရောက်ခန်းမတွင် အီဘိုလာဗိုင်းရပ်စ်ရောဂါအတွက် သတိပေးနှိုးဆော်သည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

"လေဆိပ်ကပို့ထားတဲ့ ဖျားနေတဲ့လူနာအပြင် သူနဲ့အတူပါလာတဲ့လေးဦးစလုံးကို ဆေးရုံရဲ့ အထူးကြပ်မတ် ကုသဆောင်မှာ ထားထားပါတယ်။ လူနာရဲ့အခြေအနေကတော့ အားလုံးကောင်းပါတယ်။ လူနာက မအီမသာဖြစ်နေပြီး အပူချိန်နည်းနည်းရှိနေတဲ့အတွက် ခေါ်ထားတာပါ။ အခုသူတို့ရဲ့သွေးကိုဖောက်ပြီး အိန္ဒိယနိုင်ငံကို ပေးပို့စစ်ဆေးထားပါတယ်။ စစ်တာသုံးလေးရက်တော့ စောင့်ရမယ်။ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှု ရှိ မရှိ အတည်ပြုနိုင်ဖို့ မြန်မာပြည်မှာလည်း စစ်လို့မရပါဘူး။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသေးစိတ် လုပ်တာဖြစ်တဲ့အတွက် ကျွန်မတို့က လူနာရဲ့သွေးကိုဖောက်ပြီး လေဆိပ်ကိုပို့လိုက်တယ်။ သူတို့က ဆက်လုပ်သွားမှာပါ" ဟု အထူးကုဆေးရုံ (ဝေဘာဂီ)မှ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းသန်းဌေးက သြဂုတ် ၂၀ ရက်မနက်ပိုင်းက ပြန်လည်ဖြေကြားခဲ့သည်။

အဆိုပါ လူနာနှင့်ပတ်သက်၍ ကျန်းမာရေးဦးစီးဌာန၊ ရောဂါနှိမ်နင်းရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက "အာဖရိကနောက်ပိုင်းမှာ အီဘိုလာရောဂါဖြစ်တဲ့အချိန်မှာ ၀န်ကြီးဌာနအနေနဲ့ ကိုယ့်နိုင်ငံထဲရောဂါမရောက်အောင် ပြည်အ၀င်အထွက်တွေမှာ ရောဂါစောင့်ကြပ်ကြည့်ရှုရေး လုပ်ငန်းတွေ လုပ်တယ်။ ရောက်လာတာနဲ့ ရောဂါဖြစ်ပွားတဲ့နိုင်ငံတွေမှာ သွားထားလား၊ ရောဂါဖြစ်ပွားတဲ့လူတွေနဲ့ ထိတွေ့မှုရှိမရှိစတာတွေကို မေးမြန်းတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒီလိုဆောင်ရွက်နေရင်းနဲ့ပဲ ၁၈ ရက်နေ့ ထိတော့ သံသယလူနာတစ်ယောက်မှမတွေ့ခဲ့ပါဘူး။ ဒါပေမဲ့ ၁၉ ရက်မှာ လေကြောင်းလိုင်းမှာပါလာတဲ့ လူနာတစ်ယောက်ကို တွေ့ရတယ်။ သူက အရမ်းကိုဖျားလာတယ်။ ကိုယ်မအီမသာဖြစ်တယ်။ ရောဂါ လက္ခဏာတွေကိုကြည့်ပြီး သွားခဲ့တဲ့နိုင်ငံတွေကိုမေးလိုက်တဲ့အခါမှာ ရောဂါဖြစ်ပွားနေတဲ့ လိုင်ဘေးရီးယား နိုင်ငံကိုသွားခဲ့တာ ဖြစ်နေတယ်။ အဲဒါကြောင့် သူ့ကို သံသယလူနာလို့သတ်မှတ်တယ်။ လုပ်ငန်းအရ သီးခြားခွဲခြားကုသရတဲ့အတွက် ဝေဘာဂီဆေးရုံကိုပို့ထားပါတယ်။ အဲဒီမှာရှိတဲ့ ဆေးရုံအုပ်ကြီးနဲ့ သမားတော် အဖွဲ့က သူ့ကိုစောင့်ကြပ်ကုသနေပါတယ်။ တစ်ချိန်တည်းမှာပဲ အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနကနေပြီး လူနာကို ရောဂါ ဟုတ် မဟုတ် စစ်ဆေးပေးနိုင်ဖို့အတွက် ဓာတ်ခွဲနမူနာတွေယူပြီး ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ညွှန်းပို့ဓာတ်ခွဲခန်းဖြစ်တဲ့ အိန္ဒိယကဓာတ်ခွဲခန်းကို ပို့ထားပါတယ်။ သူနဲ့အတူ တောက်လျှောက်ပါလာပြီး သူ့ကိုပြုစုကုသခဲ့တဲ့ လူလေးယောက်ကိုလည်း စိတ်ချရအောင် ဝေဘာဂီကို ပို့ထားပြီး စောင့်ကြပ်ထားပါတယ်။ သူတို့ရဲ့ သွေးနမူနာကိုလည်း ဓာတ်ခွဲခန်းကို ပို့ထားပါတယ်။ ဓာတ်ခွဲစစ်ဆေးတာ ပုံမှန်ကတော့ အနည်းဆုံးသုံးလေးရက်တော့ကြာတတ်တဲ့အတွက် ဓာတ်ခွဲခန်းအဖြေပေါ်မူတည်ပြီး ဆက်လက်ထုတ်ပြန်ပြောကြားသွားမှာပါ" ဟုပြောကြားသည်။

အီဘိုလာဗိုင်းရပ်စ်နှင့်ပတ်သက်၍ သံသယရှိလူနာများအားထားရှိသည့် အထူးကုဆေးရုံ (ဝေဘာဂီ) ရှိ အထူး ကြပ်မတ်ကုသဆောင်အား သြဂုတ် ၂၀ ရက်နေ့က တွေ့ရစဉ်
ကျန်းမာရေးဦးစီးဌာန၊ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဌေးဌေးတင်က "မြန်မာနိုင်ငံမှာရှိတဲ့ ဓာတ်ခွဲခန်းတွေမှာ အီဘိုလာဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း ရှိ မရှိ အတည်ပြုနိုင် ဖို့ ဓာတ်ခွဲခန်းတွေမှာ အတည်မပြုနိုင်ပါဘူး။ တကယ်လို့ သံသယလူနာဟုတ်နေတယ်၊ သံသယအချက်အလက်တွေလည်း ကိုက်ညီနေတယ်ဆိုရင် အဲဒီသူရဲ့အချက်အလက်တွေကို အိန္ဒိယနိုင်ငံကို ပေးပို့စစ်ဆေးသွားပြီး ရရှိလာတဲ့အချက်အလက်ပေါ်မူတည်ပြီး အတည်ပြုထုတ်ပြန်သွားမှာပါ" ဟု ပြောကြား သည်။

လေဆိပ်ကပို့ထားတဲ့ ဖျားနေတဲ့လူနာအပြင် သူနဲ့အတူပါလာတဲ့လေးဦးစလုံးကို ဆေးရုံရဲ့ အထူးကြပ်မတ် ကုသဆောင်မှာ ထားထားပါတယ်။ လူနာရဲ့အခြေအနေကတော့ အားလုံးကောင်းပါတယ်။ လူနာက မအီမသာဖြစ်နေပြီး အပူချိန်နည်းနည်းရှိနေတဲ့အတွက် ခေါ်ထားတာပါ။ အခုသူတို့ရဲ့သွေးကိုဖောက်ပြီး အိန္ဒိယနိုင်ငံကို ပေးပို့စစ်ဆေးထားပါတယ်။

အာဖရိကအနောက်ခြမ်းနိုင်ငံများတွင်ဖြစ်ပွားနေသည့် အီဘိုလာဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ ကူးစက်မှု မရှိစေရန် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနမှ လုပ်ဆောင်ပေးလျက်ရှိပြီး သံသယ ရှိဖွယ်လူနာများတွေ့ရှိခဲ့ပါက စောင့်ကြပ်ကြည့်ရှုကုသနိုင်ရန် နေပြည်တော် ခုတင် (၁၀၀၀) ဆံ့ဆေး ရုံ၊ ရန်ကုန်တိုင်းဒေသကြီး၌ ရန်ကုန်အထွေထွေရောဂါကုဆေးရုံနှင့် အထူးကုဆေးရုံ(ဝေဘာဂီ)၊ မန္တလေး တိုင်း ဒေသကြီး၊ ကန်တော်လတီကူးစက်ဆေးရုံများကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိရောဂါဖြစ်ပွားနေသည့်နိုင်ငံများမှ ပြန်လာသူများ၊ ရောဂါ ခံစားနေရသူများကို ပြုစုစောင့်ရှောက်ပေးသူများနှင့် မိသားစုဝင်များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသူများကို လေဆိပ်၊ သင်္ဘောဆိပ်များရှိ ကျန်းမာရေးဌာနများတွင် စစ်ဆေးမှုများပြုလုပ်နေပြီး ယင်းလူများကို ရောဂါ သံသယ လက္ခဏာများဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် ဆေးကုသမှုခံယူရန် ထုတ်ပြန် ထားကြောင်းနှင့် ကျန်းမာရေးဝန်ထမ်းများတွင် ကူးစက်မှုမရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကိုလည်း လုပ်ဆောင်ရန်ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

ယင်းဗိုင်းရပ်စ်သည် ၂၀၁၄ ခုနှစ် နှစ်ဆန်းပိုင်းက အာဖရိကအနောက်ခြမ်းနိုင်ငံဖြစ်သည့် ဂီနီတွင် စတင်ဖြစ် ပွားခဲ့ပြီး ယင်းနိုင်ငံမှတစ်ဆင့် ရောဂါဝေဒနာခံစားနေရသူများ၏ ခရီးသွားလာမှုကြောင့် အိမ်နီးချင်း နိုင်ငံများဖြစ်သည့် လိုင်ဘေးရီးယား၊ နိုင်ဂျီးနီးယားနှင့် ဆီယာရာလီယွန်နိုင်ငံများသို့ ကူးစက် ခဲ့ခြင်းဖြစ် ကြောင်း၊ လက်ရှိအဆိုပါလေးနိုင်ငံအား ကန့်သတ်နယ်မြေများအဖြစ်သတ်မှတ်ကာ ထိုရောဂါကို စတင်ပိတ် ဆို့နေပြီဖြစ်ကြောင်းနှင့် ယခုကဲ့သို့ဖြစ်ပွားမှုသည် နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံးသော ဗိုင်းရပ်စ် ကူးစက် သေဆုံးမှုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

လက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သြဂုတ် ၁၆ ရက်အထိ ထုတ်ပြန်ချက်အရ အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက် ခံရသူဦးရေ ၂၂၄၀ ဦးရှိနေပြီး သေဆုံးသူ ၁၂၂၉ ဦးရှိပြီဟု ထုတ်ပြန်ထားသည်။

Eleven Media Group

No comments:

Post a Comment