Wednesday 20 August 2014

ချေးငွေထုတ်ပေးသည့်စနစ်ပြင်ရန် အဆို တပ်မတော်ထောက်ခံသော်လည်း ရှုံးနိမ့်

ဧရာဝတီတိုင်း လွှတ်တော်အစည်းအဝေးတွင် ဘဏ်ချေးငွေထုတ်ချေးသည့် ၀ိုင်းကြီးချုပ်စနစ်ကို အခြေအနေ မှန်နှင့် လိုက်လျောညီထွေဖြစ်စေရန် ပြုပြင်ရေး အဆိုတင်သွင်းမှုကို တပ်မတော်သားတို့ ထောက်ခံသော် လည်း နှစ်မဲအကွာဖြင့် သြဂုတ် ၁၉ ရက်က ရှုံးနိမ့်ခဲ့သည်။
လပွတ္တာမြို့နယ်၊ တိုင်းဒေသကြီး ကိုယ်စားလှယ်ဦးဇော်ဝင်း တင်သွင်းသည့် ဘဏ်ချေးငွေထုတ်ချေးနေသည့် ၀ိုင်းကြီးချုပ်စနစ်ကို ပကတိအခြေအနေမှန်နှင့် လိုက်လျောညီထွေရှိစေရန်၊ ပြုပြင်ရန် မဲခွဲဆုံးဖြတ်ရာ အဆို ကို ကန့်ကွက်မဲ ၂၈ မဲ၊ ထောက်ခံမဲ ၂၆ မဲနှင့် ကြားနေ လေးမဲဖြင့် ရှုံးနိမ့်ခြင်းဖြစ်သည်။

“အဓိကပြဿနာက ချေးငွေကို စေ့စေ့ငင ပြန်မဆပ်တာပါ၊ တစ်ဝိုင်းမှာ နှစ်ယောက်ကနေ ငါးယောက်အထိ ပျက်ကွက်တယ်။ ငွေဆပ်ထားသူ လယ်သမားများ ၀ိုင်းကြီးချုပ် စည်းကမ်းအရ ချေးငွေထပ်မံရယူနိုင်ခြင်း မရှိတော့ဘဲ အခက်အခဲဖြစ်ရပါတယ်။ အကြွေးကျေသူများကို ဆက်လက်ထုတ်ချေးသွားပြီး၊ အကြွေး မဆပ်သူ များအား အမည်ပျက်စာရင်းပြုစုမှတ်သားထားရန်၊ အကြွေးမကျေမချင်း ချေးငွေ ထုတ်ပေးခြင်း မပြုရန်၊ ကြွေးကျေသွားပါက အာမခံတစ်ခုခုထားရှိပြီး ထုတ်ချေးရန်နှင့် အမှန်တကယ်မရှိဘဲ စာရွက်ပေါ်မှာ အမည် စာရင်းများကို ဖော်ထုတ်အရေးယူဖို့ စတဲ့အချက်တွေကို ပေါင်းစပ်ပြီး ပြောင်းလဲကျင့်သုံးသင့် တယ်”ဟု ဦးဇော်ဝင်းက လွှတ်တော်သို့ ပြောသည်။

အဆိုကို တိုင်းအစိုးရဘဏ္ဍာရေးဝန်ကြီး ဦးဝင်းကိုကိုက လာမည့်နှစ်များအတွင်း ငွေပြန်ဆပ်နိုင်သူများ ကို ချေးပေးနိုင်ရေး လုပ်ဆောင်ပေးမည်ဖြစ်သဖြင့် အဆိုကို မှတ်တမ်းတင်ထားသင့် သည် ဟု ဆွေးနွေးခဲ့ သည်။

“၀ိုင်းကြီးချုပ်စနစ်ကို မပြင်သေးတဲ့ ကာလအတွင်းမှာတော့ လက်ခံရမယ်”ဟု ဦးဝင်းကိုကိုက မဇ္ဈိမ ကို ပြော သည်။

မြန်မာ့လယ်ယာစိုက်ပျိုးရေးဘဏ်က ထုတ်ချေးသည့် စိုက်ပျိုးစရိတ်ချေးငွေကို လယ်သမား ၁၀ ဦးလျှင် တစ်ဝိုင်းနှုန်းသတ်မှတ်ကာ စာချုပ်ချုပ်ငွေချေးနေခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment