Wednesday 20 August 2014

မီဒီယာသမားများ ရင်ဆိုင်နေရသော ဥပဒေပုဒ်မများပြင်ရန် လွှတ်တော်ဥက္ကဋ္ဌ များနှင့် စာနယ်ဇင်းကောင်စီ ဆွေးနွေးမည်

သတင်းမီဒီယာသမားများ တရားရင်ဆိုင်နေရသော ဥပဒေပုဒ်မများ လျှော့ပေါ့ ပြင်ဆင်နိုင်ရေး ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် မြန်မာနိုင်ငံ စာနယ် ဇင်းကောင်စီ(ယာယီ)တို့ သီးခြားတွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် ဦးသီဟစော က The Voice သို့ ပြောကြားသည်။
အဆိုပါ ဆွေးနွေးမှုကို သြဂုတ်လ ၂၀ ရက်နေ့ နေပြည်တော်ကောင်စီ နယ်မြေရှိ သက်ဆိုင်ရာ လွှတ်တော် ရုံးများတွင် ပြုလုပ်မည်ဖြစ်ပြီး ဥပဒေရေးရာကိစ္စရပ်များကို အဓိကဆွေးနွေးမည် ဖြစ်ကြောင်း ၎င်းကဆို သည်။

“အခုလက်ရှိ ရင်ဆိုင်နေရတဲ့ ဥပဒေပုဒ်မတွေနဲ့ ပတ်သက်ပြီး ဥပဒေပြုရေး မဏ္ဍိုင်က ဘယ်လို ထိန်းညှိပေး လို့ ရမလဲပေါ့။ ပုဒ်မ- ၅၀၀ အသရေဖျက်မှုကို ပြစ်မှုဆိုင်ရာ ဥပဒေကနေ တရားမမှုထဲ ပြောင်းလို့ရမလား။ ဒါမှ ထောင်ဒဏ်ကနေ ငွေဒဏ်လောက်အထိ လျော့ကျသွားမယ်။ အဲဒါမျိုးတွေကို ဆွေးနွေးမှာပါ” ဟု ၎င်းကဆိုသည်။ 

အဆိုပါ ဥပဒေရေးရာ ကိစ္စရပ်များအပြင် မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲ ဖြစ်မြောက်ရေးအတွက် ထည့် သွင်း ဆွေးနွေး မည် ဖြစ်ပြီး စာနယ်ဇင်းကောင်စီ (ယာယီ) ဒုတိယဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် ကိုးဦး သွားရောက် မည် ဖြစ်ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) ထံမှ သိရသည်။

အလားတူ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) တို့ သြဂုတ်လ ၁၆ ရက်နေ့တွင် တွေ့ဆုံထားပြီး မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲကို စက်တင်ဘာ လကုန်တွင် ကျင်းပရန်နှင့် ယင်းဆွေးနွေးပွဲ လုပ်ငန်းစဉ် အကောင်အထည် ဖော်နိုင်ရန် ညှိနှိုင်း ဆွေးနွေး ခဲ့ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) က ထုတ်ပြန်ထားသည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် စာနယ်ဇင်းကောင်စီ (ယာယီ) တို့ သြဂုတ်လ ၁ ရက်နေ့ တွေ့ ဆုံ ဆွေးနွေးရာတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် စတုတ္ထမဏ္ဍိုင် (မီဒီယာ) တို့အကြား တာဝန် ဝတ္တရားနှင့် ကျင့်ဝတ် စည်းကမ်းများကို အပြန်အလှန် နားလည်မှုနှင့် နိုင်ငံသားအားလုံး၏ သတင်းသိပိုင်ခွင့်ကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် မဏ္ဍိုင်လေးရပ် ဆွေးနွေးပွဲများ ကျင်းပသွားရန် သဘောတူခဲ့ကြောင်း စာနယ်ဇင်းကောင်စီ (ယာယီ) ထံမှ သိရသည်။

မကွေးတိုင်း ပေါက်မြို့နယ်က ကာကွယ်ရေးပစ္စည်း စက်ရုံကို လျှို့ဝှက် ဓာတုလက်နက်စက်ရုံ ခေါင်းစဉ်နဲ့ သတင်းဖော်ပြခဲ့သောကြောင့် ယူနတီဂျာနယ်က အမှုဆောင်အရာရှိချုပ်အပါအဝင် သတင်းထောက် လေးဦး ကို နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် တရားစွဲဆိုပြီး ပခုက္ကူခရိုင် တရားရုံးတွင် ဇူလိုင်လ ဒုတိယပတ် အတွင်း ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သည်။

ယင်းအပြင် ဒီမိုကရေစီ စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့ (MDCF) မှ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်း သား ဒီမိုကရေစီ အင်အားစုများကို ကြားဖြတ်အစိုးရ တင်မြှောက်မည့် သတင်းထုတ်ပြန်ချက်ကို ကိုးကား သတင်း ရေးသားသောကြောင့် ဘိုင်မွန်းတည့်နေ သတင်းထောက်တစ်ဦးနှင့် အယ်ဒီတာအဖွဲ့ဝင်များ အပါအဝင် စုစုပေါင်းငါးဦးကို ဖမ်းဆီးစစ်ဆေးလျက် ရှိသည်။

The Voice Weekly

No comments:

Post a Comment