Wednesday 20 August 2014

တစ်နှစ်လျှင် ဘီယာပမာဏ ဟတ်တာလီတာ သုံးသိန်းထွက်ရှိမည့် ဘီယာစက်ရုံအား ပဲခူးတိုင်းဒေသကြီးအတွင်း Diamond Mayson Industries ကုမ္ပဏီလီမိတက်က ၂၀၁၆ တွင် အပြီးတည်ဆောက်မည်

တစ်နှစ်လျှင် ဘီယာပမာဏ ဟတ်တာလီတာ သုံးသိန်းထွက်ရှိမည့် ဘီယာစက်ရုံအား ပဲခူးတိုင်းဒေသကြီး အတွင်း Diamond Mayson Industries ကုမ္ပဏီလီမိတက်က ၂၀၁၆ တွင် အပြီးတည်ဆောက်သွား မည်ဖြစ်ကြောင်းကို သြဂုတ် ၁၉ ရက်က ပြုလုပ်သည့် ဘီယာစက်ရုံတည်ဆောက်ရေး စီမံကိန်း ပတ်ဝန်း ကျင် ထိခိုက်မှု ဆန်းစစ်ခြင်းနှင့် ပတ်သက်၍ သက်ဆိုင်သူများ တွေ့ဆုံပွဲမှ သိရသည်။
အဆိုပါ ဘီယာစက်ရုံအား ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ် ညောင်အင်းကျေးရွာအုပ်စု ပြည်တွင်းပြည်ပ စက်မှုဇုန်အမှတ် (၁/၂)တွင် တည်ဆောက်သွားမည်ဖြစ်သည်။

“လက်ရှိ ဘီယာနာမည်ကို သံလွင်ဘီယာဆိုပြီးတော့ လျာထားတယ်။ စီမံကိန်းက နှစ်နှစ်ကြာမှာ ဖြစ်တဲ့ အတွက် တကယ်ထွက်လာတဲ့အခါမှ ဘယ်နာမည် သုံးမယ်ဆိုတာကို ပြောလို့ရမှာ၊ လောလော ဆယ် ပြည် တွင်း အနေနဲ့ပဲ ဆောက်မှာပါ၊ နောက်တော့မှ နိုင်ငံတကာက လာထုတ်ချင်တယ်ဆိုရင် ထုတ်ဖို့အစီအစဉ် ရှိပါတယ်။ စကားပြောထားတဲ့ ကုမ္ပဏီတွေတော့ ရှိတယ်။ မသေချာသေးတဲ့အတွက်တော့ မပြောချင်သေးဘူး” ဟု Diamond Mayson Industries ကုမ္ပဏီလီမိတက်မှ ဒါရိုက်တာဦးမင်းဗညားဟန် က ဆိုသည်။

ဈေးကွက်အတွင်း ရောင်းချလျက်ရှိသည့် ဘီယာများမှာ အနိမ့်ဆုံးဈေးနှုန်း ကျပ် ၇၀၀ ၀န်းကျင်ဖြစ်ပြီး အလွယ်တကူ ၀ယ်ယူရရှိနိုင်သောကြောင့် ၂၀၁၃ ခုနှစ်အတွင်း စစ်တမ်းကောက်ယူပြီး ပြုစုခဲ့သည့် စစ်တမ်းတစ်စောင်တွင် အရက်ဘီယာသောက်သုံးမှုသည် အမျိုးသားမျာသာမက အမျိုးသမီးများပါ ဘီယာသောက်သုံးမှု မြင့်တက်လျက်ရှိကြောင်းလည်း သိရသည်။

ပြည်တွင်း၌ ဘီယာထုတ်လုပ်မှုသည် တစ်နှစ်လျှင် ဟတ်တာလီတာ သန်း ၂၀ ကျော်ရှိပြီး ပြည်ပမှ ဘီယာတင်သွင်းမှုသည် တစ်နှစ်လျှင် ဟတ်တာလီတာ ၂၆ သန်းရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု စာရင်း များအရ သိရသည်။

သုံးနှစ်အတွင်း ဘီယာထုတ်လုပ်မှုများတွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင် ဘီယာဂါလန်ပေါင်း သန်း ၂၀ ကျော်၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဘီယာဂါလန်ပေါင်း ၂၆ သန်းကျော်ရှိပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ဘီယာဂါလန်ပေါင်း ၃၄ သန်းကျော်အထိရှိပြီး ဘဏ္ဍာနှစ်တစ်နှစ်လျှင် ဂါလန်ပေါင်း ငါးသန်းနှင့် ခုနစ်သန်းကျော်အထိ တိုးတက်ထုတ်လုပ်မှုများ ရှိနေကြောင်းလည်း သိရသည်။

Eleven Media Group

No comments:

Post a Comment