Wednesday 20 August 2014

(၄၃) အ၀ါ ခရီးသည်တင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်၍ လမ်းလယ်ကျွန်းကိုကျော်ကာ တစ်ဖက်ယာဉ်ကြောမှ အခြားယာဉ်နှစ်စီးအားတိုက်မှု ရန်ကုန်မြို့လယ်တွင် ဖြစ်ပွား


သြဂုတ် ၁၉ ရက် ရန်ကုန်မြို့လယ်တွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုး)
ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံ မီးပွိုင့်အနီး အလံပြဘုရားလမ်း၌ သြဂုတ် ၁၉ ရက် နံနက် ၉ နာရီဝန်းကျင်က (၄၃) အ၀ါ ခရီးသည်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဖြစ်၍ လမ်းလယ်ကျွန်းကိုကျော်ကာ တစ်ဖက်ယာဉ်ကြောမှ အခြားယာဉ်နှစ်စီးအား တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဆူလေးဘုရားလမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာသော ၅ခ/... (၄၃) အ၀ါ ခရီးသည်တင်ယာဉ်သည် ဆာကူရာတာဝါအနီး မီးပွိုင့်အလွန် အလံပြဘုရားလမ်း၌ အရှိန်လွန်ကာ လမ်းလယ်ကျွန်းရှိ ကျူးပင်နှင့်ထန်းပင်တို့အား တိုက်မိခဲ့ကြောင်း၊ ထို့သို့တိုက်မိသော အရှိန်ကြောင့် တစ်ဖက်ယာဉ်ကြောမှ အလံပြဘုရားလမ်းအတိုင်း မောင်းနှင်လာသော Belta အမျိုးအစား ခဲရောင်ကိုယ်ပိုင်ယာဉ်နှင့် ကယ်ဒီးနားအမျိုးအစား ခဲရောင်အငှားယာဉ်တို့အား ထပ်မံတိုက်မိခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ သိရသည်။

“ဒီခရီးသည်ယာဉ်က အရှိန်လွန်ပြီး လမ်းလယ်ကျွန်းကို ၀င်တိုက်တယ်။ နောက်ပြီး တစ်ဖက်ယာဉ်ကြော မှ မောင်းလာတဲ့ အိမ်းစီးကားနဲ့ အငှားယာဉ်ကို ထပ်မံဝင်တိုက်ခဲ့တယ်။ ဒဏ်ရာရရှိတဲ့ သူတွေတော့ မရှိပါဘူး” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ထိုသို့တိုက်မိသော အရှိန်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း၊ (၄၃) ခရီးသည်တင်ယာဉ်မောင်း အမှုဖွင့်ရန် စီစဉ်နေကြောင်း သိရသည်။


လမ်းလယ်ကျွန်းအားကျော်ပြီး တစ်ဖက်ယာဉ်ကြောကို ရောက်ရှိနေသော ၄၃ ခရီးသည်တင်ယာဉ် အား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုး)
ယာဉ်တိုက်မှုဖြစ်စဉ် အများစုတွင် ခရီးသည်တင်ယာဉ်လိုင်းများမှ ယာဉ်တိမ်းမှောက်မှုများ ဆက်တိုက်ဖြ စ်ပေါ်နေပြီး အဆိုပါ ယာဉ်တိမ်းမှောက်မှုများတွင် ခရီးသည် အသေအပျောက်များ ရှိသဖြင့် အဆိုပါ ခရီးသည်တင် ယာဉ်လိုင်းများအား တင်းတင်းကျပ်ကျပ် ကိုင်တွယ်ထိန်းသိမ်းရန် ယာဉ်စီးနင်းသူ ခရီးသည် များက ဝေဖန်အကြံပြုခဲ့ကြသည်။ အဆိုပါ ယာဉ်တိမ်းမှောက်မှုများတွင် တချို့ယာဉ်မောင်းများမှာ ယာဉ်မောင်းနှင် ခွင့်မရှိသော လိုင်စင်ပိတ်သိမ်းခံထားရသူများနှင့် ယာဉ်မောင်းလိုင်စင် မရှိသောသူများ တက်ရောက်မောင်းနှင်သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၄ ခုနှစ် ဇန်န၀ါရီလမှ ဇူလိုင်လအထိ မ.ထ.သ (ဗဟို) လက်အောက် မှ မော်တော်ယာဉ်လိုင်းများ၏ ယာဉ်မတော်တဆမှုကြောင့် အမှုပေါင်း ၁၃၉ မှုဖြစ်ပွားကာ ၅၈ ဦး သေဆုံး ခဲ့ပြီး ၄၅၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ဗဟိုကော်မတီမှ သိရသည်။

ယာဉ်မတော်တဆ ဖြစ်စဉ်များမှာ ဇန်န၀ါရီ ၂၅ မှု သေဆုံးသူခြောက်ဦး၊ ဒဏ်ရာရသူ ၆၁ ဦး၊ ဖေဖော်ဝါရီ ၂၄ မှု သေဆုံးသူ ခုနစ်ဦး၊ ဒဏ်ရာရရှိသူ ၈၁ ဦး။ မတ်တွင် ၂၉ မှု သေဆုံးသူ ၁၁ ဦး၊ ဒဏ်ရာရရှိသူ ၁၂၃ ဦး၊ ဧပြီတွင် ၂၅ မှု သေဆုံးသူ ခုနစ်ဦး၊ ဒဏ်ရာရရှိသူ ၇၆ ဦး။ မေတွင် ၁၉ မှု သေဆုံးသူ ၁၀ ဦး၊ ဒဏ်ရာရရှိသူ ၁၇ ဦး။ ဇွန်တွင် ၂၄ မှု သေဆုံးသူ ၁၀ ဦး၊ ဒဏ်ရာရရှိသူ ၃၉ ဦးနှင့် ဇူလိုင်တွင် ယာဉ်မတော်တဆမှု ၂၃ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ခုနစ်ဦးရှိကာ ၅၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မ.ထ.သ (ဗဟို) မှ စုံစမ်းသိရှိရသည်။

Eleven Media Group

No comments:

Post a Comment