Friday 25 July 2014

MH17 ပျက်ကျမှုတွင် သမီးဖြစ်သူ အသက်ရှင်ဆဲဟု ယုံကြည်နေသည့် ဇနီးမောင်နှံ ယူကရိန်းသို့ သွားရောက်

Photo: MH17 ပျက်ကျမှုတွင် သမီးဖြစ်သူ အသက်ရှင်ဆဲဟု ယုံကြည်နေသည့် ဇနီးမောင်နှံ ယူကရိန်းသို့ သွားရောက်
Friday, July 25, 2014

ဩစတြေးလျ နိုင်ငံမှ ဇနီးမောင်နှံ နှစ်ဦးသည် ပျက်ကျသွားသည့် MH17 လေယာဉ်ပေါ် ပါသွားသည့် သမီးဖြစ်သူ သေဆုံးသွားပြီဟု မယုံကြည်ဘဲ ကိုယ်တိုင်ရှာဖွေရန်အတွက် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ဂျာဇီ ဒစ်ဇင်စကီးနှင့် အန်ဂျလာ ဒစ်ဇင်စကီးတို့ နှစ်ဦးက မလေးရှား လေကြောင်းလိုင်းပိုင် MH17 လေယာဉ်ပေါ်တွင် လိုက်ပါခဲ့သည့် သမီးဖြစ်သူ ဖာတီမာသည် ယူကရိန်းတွင် အသက်ရှင်လျက် ရှိနေဆဲဟု အလေးအနက် ယုံကြည်နေကြသည်။ ယခုအခါ ဇနီးမောင်နှံ နှစ်ဦးလုံးသည် နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်သို့ ရောက်ရှိနေပြီး ဖာတီမာကို ရှာဖွေရန်အတွက် ယူကရိန်းသို့ ဆက်လက် ထွက်ခွာသွားသည်။

MH17သည် ယူကရိန်း အရှေ့ပိုင်းတွင် ပျံသန်းနေစဉ် ယူကရိန်း ခွဲထွက်ရေး သူပုန်များ ဒုံးကျည်ဖြင့် မှားယွင်းပစ်ခတ်လိုက်ခြင်းဟု ယူဆရသော အခြေအနေကြောင့် ပျက်ကျခဲ့ပြီး လိုက်ပါလာသူ (၂၉၈)ဦးစလုံး သေဆုံးခဲ့သည်။ သို့သော်လည်း ဂျာဇီနှင့် အန်ဂျလာတို့က တစ်ဦးတည်းသောသမီး ဖာတီမာ အနေဖြင့် အသက်ရှင်နေဆဲဟု အခိုင်အမာ ပြောဆိုနေကြသည်။ ဖာတီမာသည် အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းသည့် လေယာဉ်နှင့်အတူ လိုက်ပါလာပြီး ထိုမှတစ်ဆင့် ပါ့သ်မြို့တွင် တွေ့ဆုံရန် စီစဉ်ထားသည်။

“ကျွန်တော်တို့ကတော့ သမီး ဒီနေ့အထိ အသက်ရှင်နေတုန်းပဲလို့ ယုံကြည်တယ်။ ဒါကြောင့် ဒီနေ့ပဲ ကျွန်တော်တို့ ယူကရိန်းကို သွားပြီး သမီးကို လိုက်ရှာမလို့ပါ”ဟု ဖခင်ဖြစ်သူ ဂျာဇီက သတင်းထောက်များအား အမ်စတာဒမ်ရှိ ရှီပိုးလ်လေဆိပ်တွင် ဇူလိုင်(၂၅)ရက်နေ့က ပြောကြားခဲ့သည်။ ဂျာဇီသည် ဆရာဝန် တစ်ဦးလည်း ဖြစ်သည်။

ဖာတီမာသည် အသက်(၂၅)နှစ် အရွယ်ရှိပြီး အာကာသ သိပ္ပံပညာရှင် တစ်ဦးလည်း ဖြစ်သည်။ ဂျာဇီက လေယာဉ် ပေါက်ကွဲ ပျက်စီးချိန်တွင် သမီးဖြစ်သူသည် လွင့်စင်ထွက်သွားပြီး ထိုင်ခုံကူရှင်နှင့် တွဲလျက်သား ရှိနေသဖြင့် မြေပေါ်အကျတွင် ပြင်းထန်စွာ ထိခိုက်မှု မရှိဘဲ အသက်ရှင်နိုင်မည်ဟု ယုံကြည်နေသည်။ “ဒိုးနက်စ်ခ်ကို ဆက်သွားဖို့ ကျွန်တော်တို့ စီစဉ်ပြီးသားပါ။ အဲဒီကနေတစ်ဆင့် လေယာဉ်ပျက်ကျတဲ့ နေရာထိ သွားပါမယ်။ သမီးက အဲဒီမှာ အသက်ရှင်နေဦးမယ်လို့ ကျွန်တော်တို့ ယုံကြည်နေတုန်းပဲ”ဟု ဂျာဇီက ဖွင့်ဟခဲ့သည်။

CNNသတင်းဌာနက လေယာဉ်ပေါ် ပါသွားသူ တစ်ဦး၏ လက်ကိုင်ဖုန်းကို ဆွေမျိုးတစ်ဦးက ခေါ်ဆိုကြည့်သည့်အခါ အရှေ့ဥရောပသံ ဝဲဝဲနှင့် လူစိမ်းတစ်ဦးက ဖြေဆိုခဲ့ကြောင်း ဖော်ပြခဲ့သည်။ ဂျာဇီက “CNNက မိုဘိုင်းလ်ဖုန်း သတင်းကို ခင်ဗျားတို့ ကြည့်ဖြစ်တယ် မဟုတ်လား။ ဒါကြောင့် ကျွန်တော်တို့ အဲဒီကို သွားကိုသွားမယ်”ဟုလည်း ဆိုသည်။ ဂျာဇီတို့ ဇနီးမောင်နှံသည် လေယာဉ်ပျက် အနီးတဝိုက်တွင် DNA နမူနာများ ရယူခြင်းကဲ့သို့ စုံစမ်းရေး လုပ်ငန်းစဉ်များအတွက် နယ်သာလန်မှ စုံစမ်းစစ်ဆေးရေး ကွင်းဆင်းအရာရှိများကို အကူအညီ ပေးသွားမည် ဖြစ်သည်။

သူပုန်တပ်များ ထိန်းချုပ်ထားသည့် အဆိုပါ ဧရိယာတွင် အန္တရာယ် မကင်းလှကြောင်း သတိပေးမှုများ ရှိခဲ့သော်လည်း ဖာတီမာ၏ မိခင်ဖြစ်သူ အန်ဂျလာက “ကျွန်မတို့ မစိုးရိမ်ပါဘူး။ ကျွန်မတို့အတွက် ရှင်တို့လည်း မစိုးရိမ်ပါနဲ့။ ကျွန်မတို့ ဘေးကင်းမှာပါ။ ကျွန်မတို့က လေယာဉ် တိုက်ခိုက်ခံရတဲ့ နေရာကို သွားမှာပါ။ အဲဒီမှာ သမီးကိုလည်း လိုက်ရှာပါမယ်။ အသက်ရှင် ကျန်ရစ်သူ တစ်ယောက်ယောက် ရှိပါတယ်လို့ ဘယ်သူမှ မပြောကြဘူး။ ဒီကိစ္စမှာ အကြောင်းရင်း တစ်ခုခုတော့ ရှိလိမ့်မယ်။ အသက်ရှင် ကျန်ရစ်သူတွေ ရှိနေဆဲဆိုတဲ့ အထောက်အထား တစ်ခုခုတော့ ရှိလိမ့်မယ်”ဟုလည်း ပြောကြားသွားသည်။

MH17 ဖြစ်ရပ်ဆိုးကြီးတွင် ဩစတြေးလျ နိုင်ငံသား (၂၈)ဦးနှင့် အမြဲတမ်း နေထိုင်ခွင့် ရရှိထားသူ (၉)ဦးတို့ အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

_YAHOO
7Day DAILY
ဩစတြေးလျ နိုင်ငံမှ ဇနီးမောင်နှံ နှစ်ဦးသည် ပျက်ကျသွားသည့် MH17 လေယာဉ်ပေါ် ပါသွားသည့် သမီးဖြစ် သူ သေဆုံးသွားပြီဟု မယုံကြည်ဘဲ ကိုယ်တိုင်ရှာဖွေရန်အတွက် ယူကရိန်းနိုင်ငံသို့ သွားရောက် ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment