Friday 25 July 2014

အိန္ဒိယတွင် ၇နှစ်အရွယ် မိန်းကလေးတစ်ဦး သတ်ဖြတ်ခြင်း ခံရပြန်

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ရွာတစ်ရွာတွင် အသက် ၇ နှစ်အရွယ် ကလေးမ တစ်ဦး သစ်ပင် တစ်ပင်တွင် ကြိုးဆွဲချ သတ်ဖြတ်ခြင်း ခံထားရသော အနေအ ထားဖြင့် သေဆုံး နေကြောင်း ကြာသပတေးနေ့ (ဇူလိုင်လ ၂၄ ရက်) က တွေ့ရှိ ခဲ့ရပြီး ထိုမိန်းကလေးမှာ အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ရဖွယ် ရှိကြောင်း ဒေသခံများက သံသယ ဖြစ်ခဲ့ကြ သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
အိန္ဒိယ နိုင်ငံတွင် ကလေးများ အပေါ် ကျူးလွန်သော တိုက်ခိုက်မှုများ ဆက်တိုက် ဖြစ်ပွါးလျက် ရှိသည်။ အနောက် ဘန်ဂဲလ် ပြည်နယ်တွင် ထိုကလေးမ၏ ရုပ်အလောင်းကို တွေ့ရှိ ပြီးနောက် ရွာသားများ ဒေါသထွက် သွားခဲ့ကြပြီး လက်စား ချေရန် ကြိုးပမ်းခဲ့ ကြသည်ဟု ဆိုသည်။ ထိုမိန်းကလေးအား အဓမ္မ ဖမ်းဆီး မုဒိမ်းကျင့်ကာ သတ်ဖြတ် ခဲ့ကြောင်း မသင်္ကာဖွယ် ဖြစ်သူ အမျိုးသား သုံးဦးအား ရွာသား များက လိုက်လံ ရှာဖွေ တိုက်ခိုက် ခဲ့ကြကြောင်း ရဲအရာရှိ တစ်ဦးက ဆိုခဲ့သည်။

“အဲဒီ ကောင်မလေးရဲ့အလောင်းကို ခွဲစိတ် စစ်ဆေးမှုတွေ လုပ်ဖို့ အတွက် ဒေသတွင်း ဆေးရုံ တစ်ခုကို ကျွန်တော် ရောက်နေချိန်မှာ၊ သံသယ အရှိ ခံရတဲ့သူ သုံးယောက် ဟာလည်း ပြင်းထန်တဲ့ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ အခြား ဆေးရုံ တစ်ခုကို ရောက်နေ ကြပါတယ်” ဟု ရဲအရာရှိ ရှန်ကာဒက်စ် (Shankar Das) က အေအက်ဖ်ပီကို ဖုန်းဖြင့် ပြောကြား ခဲ့သည်။

ထို မသင်္ကာဖွယ် ဖြစ်သူ သုံးဦးအား ကြိုးပေး သတ်ဖြတ်ရန် ရွာသားများက တောင်းဆို ခဲ့ခြင်းကို ရည်ညွှန်း၍ ဒက်စ်က “အဲဒီဖြစ်ရပ် ဖြစ်ပွါးခဲ့တဲ့ နေရာမှာ အခြေအနေ တင်းမာနေ ပါတယ်” ဟု ဆိုခဲ့သည်။ သံသယရှိခြင်း ခံရသူများ ထဲမှ တစ်ဦးမှာ ရွာသားများ၏ တိုက်ခိုက်မှုကြောင့် ရရှိခဲ့သော ဒဏ်ရာဖြင့် သေဆုံးသွား ခဲ့ကြောင်း ဒေသတွင်း မီဒီယာ များက ဖော်ပြခဲ့ ကြသော်လည်း ထိုသတင်းကို အတည်မပြု နိုင်သေးပေ။

ထို မိန်းကလေးမှာ အနောက် ဘန်ဂဲလ် ပြည်နယ်၏ East Midnapore ဒေသတွင် ဗုဒ္ဓဟူးနေ့ ညနေက စ၍ ပျောက်ဆုံး သွားခဲ့ရာ သူမ၏ မိသားစု နှင့် ရွာသားများက လိုက်လံ ရှာဖွေ ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

“မနေ့က ညနေ ကတည်းက အဲဒီ ကလေးမ ကို ကျွန်တော်တို့ မတွေ့တော့ တာပါ။ ဒီနေ့ နံနက် ၉ နာရီ ခွဲလောက် မှာတော့ တမာပင် တစ်ပင်မှာ အဲဒီ ကလေးမ ကြိုးဆွဲချ သတ်ဖြတ် ခံထားရတာကို ကျွန်တော်တို့ တွေ့ခဲ့ရ ပါတယ်” ဟု အမည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိသော ရွာသားတစ်ဦးက NDTV သတင်း ဌာနအား ပြောကြား ခဲ့သည်။ 

ထို မိန်းကလေး အဓမ္မပြုကျင့် ခံရခြင်း တကယ် ဟုတ်မဟုတ် အတည်မပြု နိုင်သေးကြောင်း ရဲအရာရှိ ရှန်ကာဒက်စ် (Shankar Das) က ဆိုခဲ့ပြီး၊ အလောင်း ခွဲစိတ် စစ်ဆေးခြင်း၏ ရလဒ်ကို စောင့်နေဆဲ ဖြစ်ကြောင်းလည်း သူက ပြောခဲ့သည်။

၂၀၁၂ ခုနှစ်က နယူးဒေလီ မြို့တွင် မောင်းနှင်နေသော ဘတ်စ်ကား တစ်စီးပေါ်၌ အုပ်စုဖွဲ့ မုဒိမ်းကျင့် မှုကြောင့် ကျောင်းသူ တစ်ဦး သေဆုံးသွား ခဲ့ရာမှစ၍၊ အိန္ဒိယတွင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဆန့်ကျင် ရေးများ နိုးကြား လာသည်။ ထိုဖြစ်ရပ်ကြောင့် လူထု ကန့်ကွက်မှုများ ပေါ်ပေါက် လာခဲ့ပြီး၊ မုဒိမ်းကောင် များကို ပိုမို ပြင်းထန်စွာ အပြစ်ပေးရန် တောင်းဆိုမှုများ ရှိလာသည်။ မေလ နှောင်းပိုင်း ကလည်း အိန္ဒိယ နိုင်ငံမြောက်ပိုင်း အူတာ ပရာဒက်ရှ် (Uttar Pradesh) ပြည်နယ်တွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေး တစ်ဦး နှင့် အသက် ၁၄ နှစ်အရွယ် မိန်းကလေး တစ်ဦးတို့ အုပ်စုဖွဲ့ မုဒိမ်းကျင့် သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ယခုလအတွင်း အိန္ဒိယ နိုင်ငံ တောင်ပိုင်း ဘန်ဂလို မြို့ရှိ ကျောင်းတစ်ကျောင်း တွင်လည်း အသက် ၆ နှစ် အရွယ် မိန်းကလေး တစ်ဦး အဓမ္မ ပြုကျင့်ခြင်း ခံခဲ့ ရကြောင်း သတင်း ထွက်ပေါ် လာခဲ့ရာ၊ ဒေါသထွက် သွားကြသော ကျောင်းသား မိဘများ နှင့် နိုင်ငံရေး လှုပ်ရှား သူများ၏ ဆန္ဒပြပွဲများ ဆက်တိုက် ပေါ်ပေါက် လာခဲ့သည်။ 

အမျိုးသမီးများ အပေါ် ကျူးလွန် ကြသော ရာဇဝတ်မှုများနှင့် ပတ်သတ်၍ လုံးဝ သည်းမခံသော မူဝါဒကို ကျင့်သုံးကာ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း အိန္ဒိယ ဝန်ကြီးချုပ်သစ် နရန်ဒရာမိုဒီ (Narendra Modi) က ကတိပေး ခဲ့သော်လည်း အမျိုးသမီးများ အပေါ် အကြမ်းဖက် မှုများမှာ အိန္ဒိယ လူ့အဖွဲ့ အစည်း၏ အချို့ အစိတ်အပိုင်း များတွင် နက်ရှိုင်းစွာ အမြစ်တွယ် နေဆဲ ဖြစ်ကြောင်း အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ များက ဆိုကြသည်။ အိန္ဒိယ နိုင်ငံတွင် မုဒိမ်းမှု တိုင်ကြားချက်မှာ ၂၁ မိနစ်လျှင် တစ်ကြိမ်နှုန်းဖြင့် ပေါ်ပေါက်လျက် ရှိကြောင်း အစိုးရက ထုတ်ပြန် ခဲ့သော ရာဇဝတ်မှု ကိန်းဂဏန်း များက ညွှန်ပြ နေသည်။

Mizzima - News in Burmese
Ref: AFP

No comments:

Post a Comment