Friday 25 July 2014

AGD ဘဏ် ရှယ်ယာရောင်းဝယ်မှု၊ ၀ယ်ယူငွေများ ငွေဖြူ ဟုတ် မဟုတ် စသည်တို့နှင့် ပတ်သက်၍ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့က စစ်ဆေးမှုများပြုလုပ်နေဟု ဆိုထား

AGD ဘဏ် ရှယ်ယာရောင်းဝယ်မှုနှင့် ပတ်သက်၍လည်းကောင်း၊ ဝယ်ယူငွေများ ငွေဖြူ  ဟုတ် မဟုတ် စသည် တို့နှင့်ပတ်သက်၍လည်းကောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့က စစ်ဆေး မှုများပြုလုပ်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၂၄ ရက် ညနေ ၄ နာရီခွဲခန့်တွင် ပြောကြားသည်။
အဆိုပါ AGD ဘဏ် ရှယ်ယာလွှဲပြောင်းရေးနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီး ဌာန မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ စုံစမ်းစစ်ဆေးမှုအပိုင်းအများစုမှာ ပြီးစီးလုပြီဖြစ်ကြောင်း နှင့် ငွေဖြူ  ဟုတ် မဟုတ် စစ်ဆေးမှု အပိုင်း များ ပါဝင်ကြောင်း သိရသည်။

“ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့အနေနဲ့ လုပ်ရမယ့် ရဲလုပ်ငန်း စဉ်တွေအများစုကို စုံစမ်းဆောင်ရွက်ပြီးစီးနေပါပြီ။ ဦးနေဝင်းရဲ့မိသားစုဝင်အချို့ကိုလည်း မေးမြန်းမှုတွေ သက်ဆိုင်ရာရဲတပ်ဖွဲ့က ဆောင်ရွက်ပြီးသွားပါပြီ။ စစ်ဆေးမှုတွေအားလုံးပြီးသွားရင်တော့ ထွက်ပေါ်လာတဲ့ အတိုင်း ဥပဒေနဲ့ ငြိစွန်းရင်တော့ ဥပဒေအတိုင်းပဲ အရေးယူသွားမယ်။ အကယ်၍ ငြိစွန်းမှုမရှိဘူးဆိုရင် သူတို့ဘက်မှ မှန်ကန်တဲ့လမ်းကြောင်းတွေကို ပြရပါမယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် AGD ဘဏ်၏ ရှယ်ယာ ၁၅ ရာခိုင်နှုန်းကို ဝယ်ယူထားပြီး ရာခိုင်နှုန်း ၆ဝ အထိ ဝယ်ယူရန် သဘောတူညီထားပြီးဖြစ်ကြောင်းနှင့် ခြောက်လအတွင်း ၈၅ ရာခိုင်နှုန်းအထိ ဝယ်ယူရန် ၎င်းတို့ဘက်မှ လျာထားကြောင်း ဦးအေးနေဝင်းက ပြောကြားသည်။

ခြောက်လအတွင်းဟုဆိုရာတွင် ဘဏ်ရှယ်ယာများဝယ်ယူနိုင်ရန်အတွက် ဗဟိုဘဏ်သို့တင်ပြရာတွင် သက်ဆိုင်ရာဌာနများဖြင့် အဆင့်ဆင့်စိစစ်ရသည့် တစ်ကြိမ်လျှင်အနည်းဆုံး တစ်လခွဲဝန်းကျင်ကြာမြင့် ၍ ခြောက်လအတွင်းဟု ဆိုရခြင်းဖြစ်ကြောင်း၊ ၈၅ ရာခိုင်နှုန်းဆိုသည်မှာလည်း ဝယ်ယူရန်လျာထားသည့် ပမာဏဖြစ်ကြောင်း ပြောကြားသည်။

ဝယ်ယူသည့် ဈေးနှုန်းများမှာမူ လက်ရှိတွင် ထုတ်ဖော်ပြောကြားခြင်းမပြုနိုင်သေးသည့်အတွက် ထုတ်ဖော်ပြော ကြားမှု မပြုနိုင်ကြောင်းနှင့် ဦးကျော်နေဝင်းမှ ဦးဆောင်ဝယ်ယူမြှုပ်နှံခြင်းဖြစ်သည်ဟု ဦးအေးနေဝင်းက ဆက်လက်ပြောကြားသည်။

AGD ဘဏ်တွင် စုစုပေါင်း အစုရှယ်ယာ ၆၁ဝဝဝဝ ကျော်ရှိကြောင်း၊ လက်ရှိတွင် ဗဟိုဘဏ်၏ ခွင့်ပြုချက်ဖြင့် အစုရှယ်ယာ ၉ဝဝဝဝ ကို ရောင်းချပြီးဖြစ်ကြောင်း သိရသည်။

လက်ရှိရောင်းချပြီး အစုရှယ်ယာ ၉ဝဝဝဝ ကို Mikko အုပ်စုမှ ဦးယဉ်ထွေး၊ ဒေါ်ခင်ဝင်းမော်၊ ဦးသူရမြင့် တို့က အများဆုံးဝယ်ယူခြင်းဖြစ်ပြီး ဦးကျော်နေဝင်းက ၁ဝ ပုံ တစ်ပုံဖြစ်သောပမာဏ (၉ဝဝဝ ဟု စုံစမ်း သိရှိရ)ကို ဝယ်ယူခြင်းဖြစ်ကြောင်း သိရသည်။

AGD ဘဏ်၏ အစုရှယ်ယာများထဲမှ ရာခိုင်နှုန်း ၆ဝ အထိရောင်းချရန်အတွက် ရှယ်ယာရှင်များနှင့် ဝယ်ယူ သူများကြား သဘောတူညီထားပြီးဖြစ်ကြောင်း၊ သို့သော် ဗဟိုဘဏ်သို့တင်ပြ၍ ဗဟိုဘဏ်ခွင့်ပြုမှသာ ရာခိုင်နှုန်း ၆ဝ အထိ ရောင်းချမည်ဖြစ်ကြောင်းကိုလည်း AGD ဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောကြား သည်။

AGD ဘဏ်တာဝန်ရှိသူတစ်ဦးက“အခု ဗဟိုဘဏ်ခွင့်ပြုချက်နဲ့ ဘဏ်ရဲ့ အစုရှယ်ယာထဲက ၁၅ ရာခိုင်နှုန်းဖြစ် တဲ့ ရှယ်ယာ ၉ဝဝဝဝ ကိုရောင်းချခဲ့ပါတယ်။ ဘဏ်မှာ ရှယ်ယာပေါင်း ခြောက်သိန်းကျော် ရှိပါတယ်။  ရာခိုင်နှုန်း ၆ဝ အထိ ရောင်းဖို့ကိုတော့ ရှယ်ယာရှင်တွေနဲ့ ဝယ်ယူသူတွေ သဘောတူ ထားပါ တယ်။ ရက်ပိုင်းအတွင်း အစုရှယ်ယာ ၂ဝဝဝဝဝ ကျော်ကို ထပ်မံရောင်းချဖို့အတွက် ဗဟိုဘဏ်ကို တင်ပြ သွားပါမယ်။ ထပ်မံဝယ်ယူတဲ့အခါမှာလည်း လက်ရှိ ၁၅ ရာခိုင်နှုန်းကို ဝယ်ထားတဲ့သူတွေကပဲ အများဆုံး ထပ်ဝယ်မှာပါ” ပြောကြားသည်။

ကျပ်ဘီလျံပေါင်းများစွာ တန်ဖိုးရှိသည့် ဘဏ်ရှယ်ယာများကို ဝယ်ယူရန်အတွက်ဆိုပါက အခွန်ငွေကျပ်ဘီလျံ ဆယ်ဖြင့်ချီကာ ပေးဆောင်ထားသည့် ဝင်ငွေရလမ်းပြနိုင်သော ငွေများရှိမှသာ ဝယ်ယူနိုင်မည်ဖြစ်သည်။

ကျပ်ဘီလျံများစွာ အသုံးပြု၍ AGD ဘဏ် ရှယ်ယာများကို အများဆုံးဝယ်ယူသူ ဦးယဉ်ထွေး၊ ဒေါ်ခင်ဝင်းမော်၊ ဦးသူရမြင့်တို့သည် Mikko Snack Industry လီမိတက်၊ Golden Key ကုမ္ပဏီလီမိတက်၊ MMC ကုမ္ပဏီလီမိတက်နှင့်  Gold Roast Group ကုမ္ပဏီများ ဖြင့် ဆက်စပ်ပတ်သက် လုပ်ကိုင်ခဲ့သူများဖြစ်သည်။

ယခင်နှစ်က ထုတ်ပြန်သည့် ထိပ်တန်းအခွန်ထမ်း ၅ဝဝ ဦးစာရင်းတွင်မူ အဆိုပါကုမ္ပဏီများထဲမှ  Golden Key ကုမ္ပဏီနှင့် Gold Roast ကုမ္ပဏီအမည်များသာ ပါဝင်ကြောင်း၊ Golden Key ကုမ္ပဏီသည် ထိပ်တန်းဝင်ငွေခွန် ပေးဆောင်သူ ၅ဝဝ ဦးစာရင်းတွင် အဆင့် ၂၂၄ ရှိကြောင်း၊  Gold Roast ကုမ္ပဏီသည် ဝင်ငွေခွန် ၅ဝဝ ဦးစာရင်းတွင် အဆင့် ၄၉၆ ဖြင့် အောက်ဆုံးနားတွင် ပေးဆောင်ထားပြီး ကုန်သွယ် လုပ်ငန်းခွန်ထိပ်တန်း ၅ဝဝ စာရင်းတွင် အဆင့် ၁၆၆ တွင်ပေးဆောင်ထားသည်ကို ထုတ်ပြန်ချက်များအရ သိရသည်။

ထိုသို့ပေးဆောင်ထားမှုများအရဆိုပါက ယခင်နှစ်က ၎င်းကုမ္ပဏီအမည်များဖြင့် ပေးဆောင်ထားသည့် အခွန်ငွေပမာဏမှာ ကျပ်သိန်းထောင်ဂဏန်းသာ ရှိနိုင်မည်ဖြစ်သည်။

ဘဏ်လုပ်ငန်းမှာ အများပြည်သူယုံကြည်မှုဖြင့် လုပ်ကိုင်ရသော လုပ်ငန်းဖြစ်သည့်အတွက် ငွေဖြူ ဟုတ် မဟုတ်၊ ဝင်ငွေရလမ်းပြနိုင်မှု ရှိ မရှိစသည်ဖြင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေး ရဲတပ်၏ စစ်ဆေးချက်ရလဒ်ကို ပွင့်လင်းမြင်သာစွာချပြရန်လိုအပ်ကြောင်း ပုဂ္ဂလိကဘဏ်လုပ်ငန်း အသိုင်းအဝိုင်း မှ ပြော ကြား မှုများ ရှိလာသည်။

“ငွေဖြူငွေမည်း စစ်ဆေးတယ်ဆိုတာက ဗဟိုဘဏ်ထက်စာရင် ပြည်ထဲရေးဝန်ကြီးဌာနကပဲ တာဝန် ရှိတာ မျိုးပါ။ ဗဟိုဘဏ်နဲ့ က ဆိုင်တော့ဆိုင်တယ်။ ဒါပေမဲ့ တိုက်ရိုက်ဆိုင်တာမျိုးတော့ မဟုတ်ဘူး။ နောက် တစ်ခုက လူတစ်ယောက်က money laundering  လုပ်နေလား မနေဘူးလားဆိုတာ ဗဟိုဘဏ်နဲ့ မဆိုင်ဘူး။ အဲဒါ ပြည်ထဲရေးနဲ့ပဲ ဆိုင်ပါတယ်။ ဒါပေမဲ့ ငွေချေးမယ်ဆိုတဲ့ကိစ္စ (offshore loans) ကတော့ ဗဟိုဘဏ်ကနေ လက်ခံမှချေးလို့ရတာပါ”ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြော ကြား သည်။

Eleven Media Group

No comments:

Post a Comment