Tuesday 29 July 2014

တည်းခိုခန်းမန်နေဂျာနှင့် ဧည့်သည်တို့ စကားများစဉ် မန်နေဂျာမှ ဓါးဖြင့်ထိုး၍ ဧည့်သည်သေဆုံးခဲ့ပြီး အလောင်းဖျောက်ဖျက်မှုအား ဖော်ထုတ်အရေးယူ

လှိုင်မြို့နယ်နေ ဦးရန်နောင်ကျော်သည် ၎င်း၏ ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၀.၇.၂၀၁၄ရက်နေ့ ၂၀၀၀အချိန်ခန့်တွင် နေအိမ်မှ အပြင်သွားမည်ဟု ပြောဆို ထွက်သွားခဲ့ရာ ၂၂.၇.၂၀၁၄ ရက်နေ့ ၁၁၀၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့မရဲစခန်းမှ၎င်း၏ဖုန်းသို့ဆက်သွယ်လာပြီး ကြည့်မြင်တိုင် မြို့နယ်ရှိ စိတ်ကူးသစ် တည်းခိုခန်းသို့ လာရောက်ရန် ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ တည်းခိုခန်းရှိ အခန်းအမှတ် (၁၀၅)တွင် ညီဖြစ်သူ တည်းခိုခဲ့ကြောင်း သိရှိရပြီး ၎င်းအား မတွေ့ရဘဲ ကုတင်ပေါ်ရှိ ခေါင်းအုံးနှင့် အခင်းတို့တွင် သွေးများပေကျံနေကာ ဓါး(၁)ချောင်းနှင့် ညီဖြစ်သူ၏ဖုန်း(၁)လုံးတို့မှာ အခန်းအတွင်း၌ ရှိနေသည်ကို တွေ့ရှိရသဖြင့် တည်းခိုခန်းရှိ တာဝန်ရှိသူများထံ မေးမြန်းရာ ညီဖြစ်သူ ကိုကျော်မျိုးထွန်းမှာ ၂၁.၇.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန်ခန့်တွင် တည်းခိုခန်းမှ အပြင်သို့ ထွက်ခွာသွားခဲ့ကြောင်း ပြောပြ သိရှိရ သဖြင့် ညီဖြစ်သူအား လိုက်လံ စုံစမ်း ရှာဖွေခဲ့ပါသည်။
ထိုသို့စုံစမ်းရှာဖွေခဲ့သော်လည်း မတွေ့ရှိသဖြင့် လှိုင်မြို့နယ်၊ ပိတောက်ချောင်း နယ်မြေရဲစခန်း၌ လူပျောက်တိုင်တန်းခဲ့ပါသည်။

၂၃.၇.၂၀၁၄ ရက်နေ့ ၁၈၂၅ အချိန်ခန့်တွင် မရမ်းကုန်းမြို့နယ်၊ (၁၀)ရပ်ကွက်ရှိ စိမ်းလန်းစိုပြေဥယျာဉ်၊ အင်းယားကန်အတွင်း၌ အမျိုးသားတစ်ဦးသေဆုံးနေ သည်ကိုတွေ့ရှိခဲ့၍ မရမ်းကုန်းမြို့မရဲစခန်း၌ သေမှု သေခင်းရေးဖွင့် စစ်ဆေးဆောင်ရွက်ခဲ့ရာမှ အလောင်းတွင် ၀မ်းဗိုက်နှင့် လည်ပင်းတို့၌ ထိုးသွင်းဒဏ်ရာ များရရှိထားသည်ကိုတွေ့ရှိခဲ့ရပြီး သေဆုံးသူအမျိုးသားမှာ ကြည့်မြင်တိုင်မြို့နယ်၊ စိတ်ကူးသစ်တည်းခိုခန်း တွင် တည်းခိုနေထိုင်သွားခဲ့သူ ကိုကျော်မျိုးထွန်းဖြစ်ကြောင်း သိရှိရပါသည်။
၎င်းသေဆုံးမှုနှင့်ပတ်သက်၍ အစ်ကိုဖြစ်သူ ဦးရန်နောင်ကျော်မှ စုံစမ်းအရေးယူ ပေးပါရန် တိုင်တန်းခဲ့သဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်း(ပ)၅၀၃/၂၀၁၄၊ ပြစ်မှု ပုဒ်မ-၃၀၂ ဖြင့် အမှုဖွင့်လှစ်ကာ စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းနှိမ်နင်းရေးဌာနစုမှတပ်ဖွဲ့ဝင်များ၊ ကြည့်မြင်တိုင်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များမှ စုံစမ်းဆောင်ရွက်ခဲ့ရာ တည်းခိုခန်း မန်နေဂျာဖြစ်သူ ဦးမောင်မောင်နှင့် ၀န်ထမ်းအချို့အား မသင်္ကာဖွယ်စိစစ် တွေ့ရှိရသဖြင့် ၎င်းတို့ အား စစ်ဆေးခဲ့ပါသည်။စစ်ဆေးချက်များအရ သေဆုံးသူ ကိုကျော်မျိုးထွန်းသည် ၂၀.၇.၂၀၁၄ ရက်နေ့ ၂၁၂၀ အချိန်ခန့်တွင် အခင်းဖြစ်တည်းခိုခန်းသို့ရောက်ရှိတည်းခိုခဲ့သဖြင့် အခန်းအမှတ်(၁၀၅)တွင် နေရာချ ထားပေးခဲ့ကြောင်း၊ ၂၁.၇.၂၀၁၄ ရက်နေ့ ၂၂၀၀ အချိန်ခန့်က သေဆုံးသူ၏အခန်းမှ တံခါးအားထုကာ အော်ဟစ်ဆူညံနေသဖြင့် မန်နေဂျာ ဦးမောင်မောင်မှအခန်းအတွင်း ၀င်ရောက်၍ပြောဆိုတားမြစ်စဉ် စကားများပြီး အပြန်အလှန်ထိုးကြိတ်ခဲ့ကြောင်း၊ ထိုသို့ဖြစ်ပွားစဉ် ကုတင်ခြေရင်းတွင်တွေ့ရှိသည့်စတီးဓါးဖြင့် ဦးမောင်မောင်မှ ကိုကျော်မျိုးထွန်း၏ ၀မ်းဗိုက်နှင့် လည်ပင်းတို့အားထိုးခဲ့၍ သေဆုံးခဲ့ခြင်းဖြစ်ပါသည်။
ထို့နောက် တည်းခိုခန်းပိုင်ရှင် ဦးဌေးလှိုင်(ခ)ဦးကင်းစိန်မှာ ည ၁၁၃၀ အချိန် ငွေသိမ်းရန်ရောက်လာစဉ် ဦးမောင်မောင်မှ ၎င်း ဓါးဖြင့်ထိုးမိပြီး ဧည့်သည်သေဆုံးသွားကြောင်းပြောပြခဲ့ရာ ဦးဌေးလှိုင်(ခ)ဦးကင်းစိန်မှ ၎င်း၏တည်းခိုခန်းနာမည်ပျက်မည်ကိုစိုးရိမ်၍ အလောင်းဖျောက်ဖျက်ရန်အတွက် ၎င်း၏ ကိုယ်ပိုင်ယာဉ် ပေါ်သို့ အလောင်းအား အလုပ်သမားများဖြင့် မတင်စေပြီး ကြည့်မြင်တိုင်လမ်းအတိုင်း ယာဉ်ကိုမောင်းကာ ၎င်းမှတစ်ဆင့် ဗားကရာလမ်းအတိုင်းမောင်းခဲ့ပြီး မြေနီကုန်းမီးပွိုင့်အရောက် ပြည်လမ်းအတိုင်း ဆက်မောင်း ခဲ့ကာ အင်းယားလမ်းမီးပွိုင့်တွင် ယာဘက်ကွေ့၍ အင်းယားလမ်းမှတစ်ဆင့် ရန်ကုန်ရွက်လှေ အသင်းဝင်ပေါက်မှ အင်းယားကန် စပ်နားအထိ မောင်းခဲ့ပြီး ဦးမောင်မောင်ပါ(၅)ဦးတို့မှ အလောင်းအား အင်းယားကန်အတွင်းပစ်ချကာဖျောက်ဖျက်ခဲ့ကြကြောင်း ပေါ်ပေါက်ခဲ့ပါသည်။၂၈.၇.၂၀၁၄ ရက်နေ့တွင် စိတ်ကူးသစ်တည်းခိုခန်းမှ အလုပ်သမား ကျော်လေး(ခ)ကျော်မင်းဦးနှင့် ကျော်ခန့် တို့က ကြည့်မြင်တိုင်မြို့နယ်တရားရုံးတွင် ၎င်းတို့ စိတ်ကူးသစ်တည်းခိုးခန်းရှိဝန်ထမ်းများ ပြစ်မှုကျူးလွန်ခဲ့ပုံကို ဖြောင့်ချက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment