Tuesday 29 July 2014

ဗိုလ်ချုပ်နှင့် မလုပ်စားစေချင်

ဗိုလ်ချုပ်အောင်ဆန်း ဆိုသည်မှာ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းခေါင်းဆောင်၊ လွတ်လပ်ရေး ဖခင်တစ်ဦးဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း သေဆုံးမှုသည် အမျိုးသားရေး ဆုံးရှုံးမှုတစ်ခု ဖြစ်ကြောင်း ဆရာချစ်ဦးညိုမှ ပြောခဲ့ဖူးသည်။ တရုတ်နိုင်ငံတွင် ဒေါက်တာဆွန်ယက်ဆင်၊ ဗီယက်နန် နိုင်ငံတွင် ဟိုချီးမင်း၊ အန္ဒိယနိုင်ငံတွင် မဟတ္တမဂန္ဒီ၊ အင်ဒိုနီးရှားနိုင်ငံတွင် ဆိုကာနီ၊ ဖိလစ်ပိုင်နိုင်ငံတွင် ဟိုဆေးရီဇာ စသည့်ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာနိုင်ငံများတွင် နိုင်ငံ့ဂုဏ်ဆောင်သူများ၊ လွတ်လပ်ရေး ဖခင် နှင့် အမျိုး သားရေး ဖခင်များ ဖြစ်ကြသည်။ ၎င်းတို့ကို တစ်နိုင်ငံလုံးကပိုင်ဆိုင်ပြီး ၎င်းတို့ဆုံးရှုံးမှုကို နိုင်ငံတော် ဆုံးရှုံး မှုဟု ခံယူထားကြသည်။ မြန်မာနိုင်ငံတွင်လည်း အလားတူဖြစ်သည်။

ဗိုလ်ချူပ်အောင်ဆန်းအပေါ်ထားရှိသည့် မြန်မာလူထု၏ သဘောထားမှာ ဂန္ဒီ၊ ဆွန်ယက်ဆင်၊ ဟိုချီမင်း၊ ရီဇာ တို့အပေါ် ၎င်းတို့နိုင်ငံသားများထားရှိသည့် သဘောထားထက် ပိုမိုလေးနက်သည်။ ထိုအချက်သည် လက်ရှိနိုင်ငံရေးသမားအချို့အတွက် အခွင့်ကောင်းဖြစ်လာသည်။ ထို့ကြောင့် တစ်မျိုးသား လုံးပိုင်ဆိုင်သည့် ဗိုလ်ချုပ်အောင်ဆန်းကို ပါတီပိုင်အဖြစ်အသုံးချလာသည်ကို စိတ်မကောင်းဖွယ် တွေ့လာ ရသည်။

NLD ပါတီမှ ပါတီရုံးများ၊ ပါတီအလံအောက် နှင့် ပါတီဆိုင်းဘုတ်များ အောက်တွင် ဗိုလ်ချုပ်ပုံ ချိတ်ဆွဲခြင်း များ၊ ပါတီဆိုင်ရာ မဲဆွယ်ပွဲများ၊ ပါတီဟောပြောပွဲများတွင် NLD ပါတီနှင့် တစ်သီးတစ်ခြား လုံးဝမသက်ဆိုင် သည့် ဗိုလ်ချုပ်အောင်ဆန်းပုံကို ချိတ်ဆွဲမှုများ ပြုလုပ်နေသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သည်။ တစ်ခါတစ်ရံ ဗိုလ်ချုပ်ပုံပြကာ အလှူခံမှုများ ပြုလုပ်နေသည်ကိုတွေ့ရပြီး တစ်ခါတစ်ရံတွင် ဗိုလ်ချုပ်ပုံများ ကို မြေပြင်ပေါ် ချရောင်းကာ ရံပုံငွေရှာဖွေနေမှုများကို စိတ်မကောင်းဖွယ် တွေ့ရသည်။

ဗိုလ်ချုပ်သည် NLD ပါတီဝင်တစ်ဦးမဟုတ်သလို NLD ဆိုင်းဘုတ်နှင့် အလံအောက်တွင် ရှိသင့် သည့်ပုဂ္ဂိုလ်တစ်ဦး မဟုတ်ပေ။ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိက်ဟာဆီနာ၏ ဖခင်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေးဖခင်တစ်ဦး ဖြစ်သည်။ သို့သော် ရှိက်ဟာဆီနာသည် ဖခင်ဓာတ်ပုံဖြင့် မဲဆွယ်ခြင်း၊ ၎င်း၏ ရုံးရှေ့တွင် ဖခင်ဓာတ်ပုံ ချိတ်ခိုင်းခြင်းမျိုးမရှိပေ။ အခြားနိုင်ငံများတွင်လည်း အလားတူဖြစ်သည်။ ကမ္ဘာပေါ် တွင် အမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင်ကို ပါတီတစ်ခု၏ အလံနှင့် ဆိုင်းဘုတ်အောက်သို့ သွပ်သွင်းသည့်နိုင်ငံမှာ မြန်မာနိုင်ငံတစ်ခုသာရှိသည်။ လူဦးရေ သန်း ၃၀၀ ကျော်ရှိသည့် အမေရိ ကန်ပြည်ထောင်စု တွင် နိုင်ငံရေးပါတီ ၂ ခုသာ ရှိသော်လည်း သန်း ၆၀ ကျော်ရှိသည့် မြန်မာနိုင်ငံတွင် ပါတီပေါင်းကလည်း ၆၀ ကျော်ကွဲပြားနေရာ ပါတီ တစ်ခုမှ ဗိုလ်ချုပ်အောင်ဆန်းကို ပါတီပိုင်သတ်မှတ်ကာ ပါတီဆိုင်ရာကိစ္စများတွင် အပိုင်စီးအသုံးချခြင်းသည် ကျန်ပါတီပေါင်း ၆၀ ကျော်၏ ဗိုလ်ချုပ်အပေါ် ထားရှိသည့်လေးစားမှုကို လျှော့ကျစေလိမ့်မည် ဖြစ်သည်။

NLD ပါတီသာမက အခြားတက်ကြွလှုပ်ရှားသူများဖြစ်သည့် ဦးနေမျိုးဇင်၊ ဦးဝင်းချို တို့အပါအဝင် အမည် မျိုးစုံနှင့် အဖွဲ့များ၊ သမ္မဂ္ဂများ၊ ကွန်ယက်များနှင့် ဖောင်ဒေးရှင်းများ အနေဖြင့်လည်း ခေါင်းစဉ် မျိုးစုံဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲများ၊ ဆန္ဒပြပွဲများ ပြုလုပ်ချိန်၌ မလိုအပ်ပဲ ဗိုလ်ချုပ်ပုံများ ပေါပေါလောလော သုံးစွဲနေခြင်း မပြုသင့်ပေ။ အလားတူ ပြည်ပရောက် မြန်မာ့အရေးလှုပ်ရှားသူများအနေဖြင့်လည်း ဆန္ဒပြပွဲ များ တွင် မသုံးသင့်သလို ပြည်တွင်းရှိ ကွမ်းယာဆိုင်၊ အရက်ဆိုင်ရှေ့တွင် ချိတ်ဆွဲခြင်းများ အပြုလုပ် သင့်ပေ။

ဤကဲ့သို့သော လုပ်ဆောင်မှုကို အခြား တာဝန်သိ ပြည်သူများနှင့် အဖွဲ့အစည်းများက တားမြစ်ခြင်း များ၊ ကြေညာချက်ထုတ် ကန့်ကွက်ခြင်းများ ပြုလုပ်သင့်သလို ပါတီများ၏ လုပ်ဆောင်မှုကို လည်း ရွေးကော က် ပွဲကော်မရှင်မှ သတိပေးခြင်းများ၊ အရေးယူခြင်းများ ပြုလုပ်သင့်သည်။ သို့သော် ယနေ့အထိ ကန့်ကွက်သူ၊ ကြေညာချက်ထုတ်သူ၊ တားမြစ်သူဟူ၍ မတွေ့ရသေးပေ။ ရွေးကောက်ပွဲကော်မရှင်အပါအဝင် တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်တစ်ဦးအား သိက္ခာငြိုးနွမ်းစေမည့် လုပ်ဆောင်မှု များကို ကြည့်မနေသင့်ပေ။ နိုင်ငံတော်ကိုယ်စားပြု ခေါင်းဆောင်တစ်ဦး၏ ရုပ်ပုံကို လွတ်လပ်ရေးနေ့ အခမ်း အနား၊ ပြည်ထောင်စုနေ့အခမ်းအနား၊ အာဇာနည်နေ့အခမ်းအနား စသည့် နိုင်ငံတော် အခမ်းအနား များတွင်သာ အသုံးပြုသင့်သည်။ ကျရာကြုံရာပွဲလမ်းအသေးအဖွဲတိုင်းမှာ ဖောဖောသီသီ မသုံးသင့်ပေ။ သို့မှသာ အခမ်းအနားလည်း ပိုမို ထည်ဝါသွားမည်ဖြစ်ပြီး လွတ်လပ်ရေးဖခင်ကြီး၏ ဂုဏ်ရောင်မှာလည်း ပိုမို တောက်ပြောင်လာမည် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဗိုလ်ချုပ်အောင်ဆန်းသာ ဖြစ်သည်။ မည်သူနှင့်မျှ တုနှိုင်းယှဉ်စရာ မရှိသလို မည်သည့်အရောင်မျှ မဆိုးသင့်၊ မည်သည့်အလံအောက်ကိုမှ မထားသင့်သည့် သီးသန့်ပုဂ္ဂိုလ် ဖြစ်သည်။ ယနေ့ခေတ်မှာ ပွင့်လင်းလာပြီဖြစ်ပြီး ပြည်သူအားလုံးက ကျိုးကြောင်းစီလျှော်စွာ တွေးခေါ် နေကြပြီဖြစ်ရာ NLD ပါတီနှင့် အခြား နိုင်ငံရေးလှုပ်ရှားသူများ အနေဖြင့် ဗိုလ်ချုပ်ဓာတ်ပုံသုံးကာ  နိုင်ငံရေး အမြတ်ထုတ် လုပ်စားနေခြင်းများကို ရပ်တန်းကရပ်ကြဖို့ အချိန်ရောက်ပြီ ဖြစ်ပါသည်။

(ဗိုလ်ချုပ်ကို လေးစားသူ လူငယ်တစ်ဦး)

Credit to အောင်လမင်း

No comments:

Post a Comment