Tuesday 29 July 2014

Facebook တွင် ရေးသားသည့် စာသားနှင့် ပတ်သက်ပြီး အငြင်းပွားရာမှ ပါကစ္စတန်တွင် အမျိုးသမီးတစ်ဦးနှင့် ကလေးနှစ်ဦး အသတ်ခံရ

ပါကစ္စတန်နိုင်ငံတွင် Facebook စာသားနှင့် ပတ်သက်ပြီး အငြင်းပွားကြရာမှ လူတစ်စု၏ သတ်ဖြတ် မှုကြောင့် အမျိုးသမီးတစ်ဦးနှင့် သူမ၏ ကလေးများ သေဆုံးခဲ့ရသည်ဟု Reuters သတင်းဌာန တွင် ဖော်ပြ ထားသည်။
ပါကစ္စတန်နိုင်ငံ၊ ဂူဂျရန်ဝါလာမြို့တွင် တနင်္ဂနွေနေ့က အစ္စလာမ်ဘာသာ ဂိုဏ်းခွဲတစ်ခု ဖြစ်သော အာမတ် ဂိုဏ်းဝင် များကို Facebook တွင် အစ္စလာမ် ဘာသာကို ပုတ်ခတ်စော်ကားသည့် စာသား ရေးသားသည်ဟု စွပ်စွဲပြီး လူအုပ်စုကြီးက အကြမ်းဖက်ရာမှ အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ မြေးနှစ်ဦး သေဆုံးခဲ့ရသည်။

၇ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့် သူမ၏ ကလေးထိန်း အပါအဝင် အသတ်ခံရသူများမှာ အစ္စလာမ် ဘာသာဝင်ဟု ခံယူထားသော်လည်း မိုဟာမတ်အစား မီရ်ဇာဂူလန်အာမတ်ဟု အမည်ရသည့် အခြား တမန်တော် တစ်ဦးကို ကိုးကွယ်သူများ ဖြစ်ကြသည်။

၁၉၈၄ ခုနှစ် ပါကစ္စတန် ဥပဒေအရ အာမတ်ဂိုဏ်းဝင်များကို အစ္စလာမ် ဘာသာဝင်အဖြစ် အသိ အမှတ်ပြုခြင်း မရှိဘဲ ပါကစ္စတန်နိုင်ငံသား အများအပြားကလည်း ၎င်းတို့ကို မိစ္ဆာဒိဋ္ဌိများအဖြစ် သတ်မှတ်လေ့ ရှိကြသည်။

တနင်္ဂနွေနေ့ နှောင်းပိုင်းက မြို့တော် အစ္စလာမ်ဘတ်မှ အရှေ့တောင်ဘက် မိုင် ၁၄၀ အကွာရှိ ဂူဂျရန်ဝါလာမြို့တွင် ဘာသာရေးကို ပုတ်ခတ်စော်ကားသည့် စာသား Facebook တွင် ရေးသားခြင်းနှင့် ပတ်သက်ပြီး လူငယ်များ အော်ဟစ် ငြင်းခုံခဲ့ကြကြောင်းနှင့် ၎င်းတို့ထဲမှတစ်ဦးမှာ အာမတ်ဂိုဏ်းဝင် တစ်ဦးဖြစ်ကြောင်း ပါကစ္စတန် ရဲတပ်ဖွဲ့က ပြောကြားသည်။

“အဲဒီလို အငြင်းအခုံ ဖြစ်ပြီးတဲ့နောက်မှာ ခန့်မှန်းခြေ လူ ၁၅၀ လောက် ပါဝင်တဲ့ လူအုပ်ကြီးက ရဲစခန်းကို လာပြီး ဘာသာရေး ပုတ်ခတ်စော်ကားမှု အမှုတွဲ ဖိုင်တစ်ဖိုင်ကို ထုတ်ပေးဖို့ လာတောင်းဆိုကြတယ်” ဟု အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“ရဲတွေက အဲဒီလူစုနဲ့ ညှိနှိုင်းဖို့ ကြိုးစားနေတုန်းမှာပဲ အခြားလူအုပ်စုကြီး တစ်စုက အာမတ်ဂိုဏ်းဝင်တွေရဲ့ အိမ်တွေကို မီးရှို့ပြီး တိုက်ခိုက်ခဲ့ကြတယ်” ဟု အဆိုပါ ရဲအရာရှိက ပြောကြားသည်။

Facebook တွင် အစ္စလာမ်ဘာသာကို စော်ကားသည့် စာသား ရေးသားသည်ဟု စွပ်စွဲခံခဲ့ရသော လူငယ်မှာမူ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ပါကစ္စတန် ဥပဒေအရ အာမတ်ဂိုဏ်းဝင်များသည် အစ္စလာမ် ဆုတောင်းစာများကို ရွတ်ဖတ်ခြင်း၊ ၎င်းတို့ ဝတ်ပြုသည့် နေရာများကို ဗလီဟု ခေါ်ဆိုခြင်း မပြုရန် တားမြစ်ခံထားရသည်။

ယခုတိုက်ခိုက်မှုမှာ လွန်ခဲ့သော လေးနှစ်က အာမတ်ဂိုဏ်းဝင် ၈၆ ဦး သေဆုံးခဲ့ရသည့် တိုက်ခိုက် မှုနောက်ပိုင်း အဆိုးဝါးဆုံး တိုက်ခိုက်မှု ဖြစ်သည်ဟု အာမတ်ဂိုဏ်းဝင်များ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်တစ်ဦး က ပြောကြားသည်။

ပါကစ္စတန်နိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကော်မရှင်၏ ကြေညာချက်အရ ယခုနှစ်အတွင်းတွင် အစ္စလာမ် ဘာသာကို ပုတ်ခတ်စော်ကားမှုဖြင့် တရားစွဲဆို ခံရသူပေါင်း ၁၀၀ ခန့်အထိ ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။

The Voice Weekly

No comments:

Post a Comment