Tuesday 25 March 2014

မြန်မာနိုင်ငံတွင် ဉာဏပစ္စည်း မူပိုင်ခွင့်၊ ယှဉ်ပြိုင်မှုနှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေများ အမြန်ဆုံး ပြဋ္ဌာန်းရန် WTO ထုတ်ပြန်

မြန်မာ့စီးပွားရေးကို ပိုမို ပြုပြင်ပြောင်းလဲနိုင်ရန် ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေများ၊ ယှဉ်ပြိုင်မှု ဥပဒေနှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေတို့ကို အမြန်ဆုံး ပြဋ္ဌာန်းရန် လိုအပ်ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ကုန်သွယ်မှု မူဝါဒ ဆန်းစစ်မှု ဌာနက ထုတ်ပြန် ပြောဆိုသည်။

လက်ရှိ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ဝင် နိုင်ငံများက အသိအမှတ် ပြုကြပြီး ယခုထက် ပိုမို၍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပြုလုပ်ရန်နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့က တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

ဉာဏပစ္စည်း မူပိုင်ခွင့်နှင့် ပတ်သက်ပြီး ပေါ်ပေါက်လာသည့် ပြဿနာ များကို ဖြေရှင်းပေးမည့် အထူးသတ်မှတ် ခုံရုံးနှင့် အမျိုးသားအဆင့် ဉာဏပစ္စည်း မူပိုင်ခွင့် လုပ်ငန်းများ ဆောင်ရွက်မည့် ရုံးကို ဖွင့်လှစ်ရန် မြန်မာ့ကုန်သွယ်မှု မူဝါဒ ဆန်းစစ်ခြင်း လုပ်ငန်းအဖွဲ့နှင့် ဆွေးနွေးခဲ့ကြကြောင်း WTO ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေများ၊ ယှဉ်ပြိုင်မှု ဥပဒေနှင့် စားသုံးသူ ကာကွယ်ရေး ဥပဒေတို့က ပြဌာန်းနိုင်ရန် ဆောင်ရွက်လျက် ရှိပြီး ယခုနှစ် ဇူလိုင်လတွင် ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေများကို ပြဌာန်းနိုင်ရန် မျှော်မှန်း ထားကြောင်း EU-ASEAN SME IPR Help Desk ၏ မြန်မာ ကျွမ်းကျင်ပညာရှင် ဦးမင်းတေဇညွန့်တင်က ပြောဆိုသည်။

“အခုချိန်ထိတော့ မြန်မာနိုင်ငံမှာ IP (ဉာဏပစ္စည်း မူပိုင်ခွင့်) နဲ့ ပတ်သက်တဲ့ အထူးခုံရုံး ဆိုတာမျိုး မရှိသေးဘူး။ တကယ်တမ်း IP ဥပဒေ အသက်ဝင်လာရင် ရှုပ်ထွေးမှုတွေ အများကြီး ရှိလာနိုင်တယ်” ဟု ၎င်းကဆိုသည်။

မြန်မာ့ကုန်သွယ်မှု မူဝါဒ ဆန်းစစ်မှုကို မတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့ အထိ ပြုလုပ်ခဲ့ပြီး WTO အဖွဲ့ဝင် ၁၆ နိုင်ငံမှ မေးခွန်းပေါင်း ၂၀၀ ခန့် မေးမြန်းမှုကို ပြန်လည် ရှင်းလင်းခဲ့ကြောင်း ကုန်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့နှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့ ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ပြောကြားသည်။

“ကမ္ဘာ့နိုင်ငံတွေနဲ့ အဖွဲ့အစည်းပေါင်း ၂၅ ခုလောက်က ထုတ်ပြန်ချက်တွေ ထုတ်ပြီး ဘာတွေ ကူညီနိုင်မယ်။ ဘာတွေ ထောက်ပံ့ပေးမယ် ဆိုတာမျိုး လုပ်ကြတယ်။ အဓိကကတော့ ကုန်သွယ်မှု ဆိုင်ရာ ပွင့်လင်းမြင်သာမှု ရှိဖို့အတွက် လုပ်တာပါ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ကုန်သွယ်မှု မူဝါဒ ဆန်းစစ်ခြင်း (TPR) ကို ၂၀၁၂ ခုနှစ် မေလမှ စတင်ကာ ဆောင်ရွက်ခဲ့ပြီး အာရှဖွံ့ဖြိုးမှုဘဏ် (ADB) မှ ကျွမ်းကျင်ပညာရှင် အကူအညီဖြင့် တစ်နှစ်ခွဲကြာ အချိန်ယူ ပြင်ဆင်ခဲ့ပြီး ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့တွင် TPR လုပ်ငန်းစဉ်ကို ပထဆုံးအကြိမ် ပြုလုပ်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာ့ကုန်သွယ်မှု မူဝါဒ အစီရင်ခံစာကို TPR လုပ်ငန်းစဉ်ပြီးနောက် သီတင်းနှစ်ပတ် အကြာတွင် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့က နိုင်ငံအသီးသီးသို့ ဖြန့်ဝေသွားမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment