Tuesday 25 March 2014

မြန်မာ့တပ်မတော် ပြုပြင်ပြောင်းလဲရေးအတွက် အကြံပြုချက်များ ပါဝင်သော ဟားဗတ်ဥပဒေကျောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေး ရေးရာဌာန ထုတ်ပြန်

မြန်မာ့တပ်မတော် ပြုပြင်ပြောင်းလဲရေးအတွက် အကြံပြုချက်များ ပါဝင်သော မူဝါဒစာတမ်းကို ဟားဗတ် ဥပဒေကျောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေး ရေးရာဌာနက ရန်ကုန်မြို့တွင် မတ် ၂၄ ရက်က ထုတ်ပြန်ခဲ့ သည်။

ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်တွင် ပြုလုပ်သော မူဝါဒရေးရာ အကြံပြုစာတမ်းအား ထုတ်ပြန်ခြင်း ဆိုင် ရာ ရှင်းလင်းပွဲတွင် ဟားဗတ်ဥပဒေကျောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေး ရေးရာဌာနမှ တွဲဖက် ဒါရိုက်တာ Tyler Giannini က "တပ်မတော်ကနေပြီးတော့ ရေးထိုးထားတဲ့ ခံဝန်ကတိတွေကို လိုက်နာပြီး ပြည်သူလူထုကို ကာကွယ်ဖို့ အဓိကထား လုပ်ဆောင်မယ်ဆိုရင် ခေတ်မီပြီးတော့ ပရော်ဖက်ရှင်နယ်ကျတဲ့ တပ်မတော် ဖြစ်နိုင်မှာပါ" ဟု ပြောကြားသည်။

မူဝါဒစာတမ်းပါ အကြံပြုမှုများကို ဟားဗတ်ဥပဒေကျောင်း၊ နိုင်ငံတကာ လူ့အခွင့်အရေးဌာနက ၂၀၀၅ မှ ၂၀၀၈ ခုနှစ်ကာလအထိ မြန်မာ့တပ်မတော်၏ လှုပ်ရှားဆောင်ရွက်မှုများကို စုံစမ်းလေ့လာမှုများကို အခြေခံကာ ပြုလုပ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် တပ်မတော်၏ အခြေအနေများကို စောင့်ကြည့်လျက်ရှိကြောင်း၊ မူဝါဒစာတမ်း ရေးသားရန်အတွက် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်၌ စောင့်ကြည့်လေ့လာမှုများ၊ တပ် မတော်နှင့် ပတ်သက်၍ အဖွဲ့အစည်း အသီးသီးမှ အစီရင်ခံစာ အစောင် ၁၀၀၀ ကျော်အား ကိုးကား ထားကြော င်း သိရသည်။

အကြံပြုချက်များတွင် တပ်မတော်၏ အင်အားကို ပြန်လည်ပြုပြင်ရာတွင် ပြည်သူလူထုအား ကာကွယ်ပေးနိုင် မှုကို အဓိကထား ဆောင်ရွက်ရန်နှင့် လွတ်လပ်သော ကော်မရှင်တစ်ခုဖွဲ့စည်း၍ တပ်မတော်၏ ပြုပြင်ပြောင်းလဲမှု လိုအပ်ချက်များအား ကျယ်ပြန့်စွာလေ့လာရန် လိုအပ်ကြောင်း၊ နိုင်ငံတကာ လူ့အခွင့် အရေးနှင့် ပတ်သက်ပြီး အသိပညာ တိုးမြှင့်ပေးရန်တို့ ပါဝင်သည်။

ဆက်လက်၍  အကြံပြုချက်များတွင် မြန်မာ့တပ်မတော် လက်အောက်ရှိ ယူနစ်တိုင်းသည် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေအား လိုက်နာရန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ စစ်ဘက်တရားစီရင်ရေးတွင် လွတ်လပ်သော လူထုအခြေပြု အမြင်များအား ပါဝင်နိုင်ရေး ပြင်ဆင်သင့်ကြောင်း၊ မိုင်းအသုံးပြုမှုနှင့် ပတ်သက်၍ ဂျီနီဗာကွန်ဗင်းရှင်းအား လိုက်နာရန် စသည်တို့အား မြန်မာအစိုးရထံသို့ အကြံပြုထားသည်။

တပ်မတော်အနေဖြင့် ပဋိပက္ခဖြစ်ပွားရာ အနက်ရောင် သတ်မှတ်ထားသော နယ်မြေများတွင် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေနှင့် ပတ်သက်သည့် အကြောင်းအရာများကို အထူးလေးစား လိုက်နာရန်အတွက် အရာရှိနှင့် တပ်သားသစ်များ သင်တန်းပေးရာတွင် လူထုနှင့်စစ်ဘက် ကောင်းမွန်သော ဆက်ဆံရေးကို ဦးစားပေး သင်ကြားမှုတို့ကို ပြုလုပ်သင့်ကြောင်း အကြံပြုထားသည်။

Eleven Media Group

No comments:

Post a Comment