Tuesday 25 March 2014

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း ဂျပန် ဝင်ရောက်မြှုပ်နှံမည်

မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန် ကြိုးပမ်းနေသော ဂျပန်နိုင်ငံက ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဝင်ရောက် ရင်းနှီးမြှုပ်နှံရန် နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ သဘောတူ ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြန်ကြားရေး အရာရှိ မစ္စတာ ကိုအိချီမီဇူရှီးမားက ပြောကြား သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနှင့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင် လွင် တို့ မတ်လ ၂၄ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ် ယင်းသို့ သဘောတူညီခြင်း ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ကနဦးအနေနဲ့ ထားဝယ် အထူးစီးပွားရေးဇုန်နဲ့ ထိုင်းကို ဆက်သွယ်မယ့် လမ်းဖောက်လုပ်ဖို့ ဖြစ်ပြီး မကြာခင် ကြိုတင် လေ့လာမှုတွေ ပြုလုပ် သွားမှာပါ” ဟု ဂျပန်နိုင်ငံခြားရေး ဝန်ကြီးကို ကိုးကား၍ မစ္စတာ ကိုအိချီမီဇူရှီးမားက ရှင်းပြသည်။

ဂျပန်နိုင်ငံမှ အကြီးစား စီးပွားရေး လုပ်ငန်းကြီးများမှာ ရန်ကုန်မြို့ အနီးရှိ သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံခြင်းထက် ထားဝယ် အထူးစီးပွားရေးဇုန်တွင် ဝင်ရောက် လုပ်ကိုင်ရန် ပိုမို စိတ်ဝင်စားကြောင်း ဂျပန်နိုင်ငံ ပြည်ပကုန်သွယ်မှု အဖွဲ့မှ အမှုဆောင် အုပ်ချုပ်မှု ဒါရိုက်တာ မစ္စတာ မာစာကီ တာကာဟာရာက မတ်လ တတိယပတ် အတွင်း ပြောဆိုထားသည်။

ဂျပန်နိုင်ငံခြားရေး ဝန်ကြီး၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း စီမံကိန်း ခြောက်ခုအတွက် အမေရိကန်ဒေါ်လာ သန်း ၈၀ နီးပါး ထပ်မံ ထောက်ပံ့ခဲ့ပြီး ချေးငွေသစ်အဖြစ် အမေရိကန်ဒေါ်လာ သန်း ၂၇၀ ဝန်းကျင် ပေးအပ်ရန် သဘောတူခဲ့ကြောင်း မစ္စတာ ကိုအိချီက ပြောဆိုသည်။

အဆိုပါ ချေးငွေသစ်များကို နိုင်ငံအတွင်းရှိ မဟာဓာတ်အားလိုင်း အဆင့်မြှင့်တင်ရေး လုပ်ငန်းများတွင် အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ထားဝယ် စီမံကိန်းတွင် ပါဝင်မှုကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ (JICA) က တစ်ဆင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန မှ သိရသည်။

ထို့ပြင် ဂျပန်နိုင်ငံခြားရေး ဝန်ကြီးသည် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းတို့နှင့် မတ်လ ၂၄ ရက်နေ့က နေပြည်တော်တွင် ဆက်တိုက် သီးခြား တွေ့ဆုံခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲများအတွက် ဆွေးနွေးခဲ့ကြောင်း ထပ်မံ သိရှိရသည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံ အကြား တောင်တရုတ် ပင်လယ်ပြင် အပါအဝင် ရေပြင်ပိုင်နက် လုံခြုံရေးကိစ္စများ၊ မြန်မာ-မြောက်ကိုရီးယား သံတမန် ဆက်ဆံမှု ကိစ္စရပ်များကို နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများ ဆွေးနွေးခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြန်ကြားရေး အရာရှိက ဆိုသည်။

ဂျပန်နိုင်ငံက အသစ်ပေးအပ်သော အမေရိကန်ဒေါ်လာ သန်း ၈၀ နီးပါးရှိ ထောက်ပံ့ငွေများကို ကယားပြည် နယ် အထွေထွေ ရောဂါကု ဆေးရုံကြီးနှင့် ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ အပါအဝင် နယ်စပ်ဒေသများရှိ တိုင်းရင်းသားများ ဖွံ့ဖြိုးရေး စီမံကိန်းများတွင် အသုံးပြုမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

အရှေ့တောင်အာရှ ကုန်သွယ်ရေး တံခါးပေါက်အဖြစ် သတ်မှတ်ခံထားရသော ထားဝယ်စီမံကိန်းကို မူလ အကောင်အထည်ဖော် ဆောင်ရွက်နေသူ အီတာလျံ-ထိုင်း ကုမ္ပဏီထံမှ ၂၀၁၃ နိုဝင်ဘာလအတွင်း မြန်မာနှင့် ထိုင်းအစိုးရတို့ ပူးတွဲ လွှဲပြောင်း ရယူခဲ့ပြီး စီမံကိန်း အကောင်အထည်ဖော်ရန် နှစ်နိုင်ငံ ပူးတွဲ အကောင်အထည်ဖော်ရေး အဖွဲ့များ အဆင့်ဆင့် ဖွဲ့စည်းကာ ဂျပန် အပါအဝင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု သစ် များ ဖိတ်ခေါ်သွားမည် ဖြစ်ကြောင်း ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment