Tuesday 25 March 2014

မြန်မာ့လေကြောင်း ရန်ကုန်-မန္တလေး ခရီးစဉ် လက်မှတ်ဈေးနှုန်း ထက်ဝက်ခန့်လျှော့

မြန်မာ့လေကြောင်းက ပြေးဆွဲလျက် ရှိသည့် ရန်ကုန်-မန္တလေး လေကြောင်း ခရီးစဉ်၏ လေယာဉ်လက်မှတ် ဈေးနှုန်းများကို ထက်ဝက်ခန့် လျှော့ချလိုက်ကြောင်း မြန်မာ့လေကြောင်းက လက်ထောက်မန်နေဂျာ ဦးခင်မောင်လွင်က ပြောကြားသည်။

ရန်ကုန်-မန္တလေး ခရီးစဉ်မှာ ခရီးသည် လိုက်ပါ စီးနင်းမှု နည်းပါးသောကြောင့် အရောင်းမြှင့်တင်သည့် အနေဖြင့် လက်မှတ် ဈေးနှုန်းများကို လျှော့ချလိုက်ခြင်း ဖြစ်ကြောင်း၊ ယခင်က လက်မှတ် ဈေးနှုန်းမှာ ကျပ်ခြောက်သောင်း ခြောက်ထောင် ဖြစ်ပြီး ယခုမူ သုံးသောင်း ငါးထောင်ကျပ်သာ ပေးရမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

အဆိုပါ လက်မှတ် ဈေးနှုန်းများကို မတ်လ ၂၂ ရက်နေ့တွင် လျှော့ချပေးခဲ့ခြင်း ဖြစ်ပြီး မည်သည့် ကာလအထိ လျှော့ချမည် ဆိုသည်ကိုမူ ပြောကြားနိုင်ခြင်း မရှိသေးကြောင်း၊ ရန်ကုန်-မန္တလေး ခရီးစဉ် တစ်ခုတည်းသာ လျှော့ချပေးခြင်း ဖြစ်ပြီး ကျန်ခရီးစဉ်များ မပါဝင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ရန်ကုန်-မန္တလေး ခရီးစဉ်ကို မြန်မာ့လေကြောင်းလိုင်းက တစ်ပတ်လျှင် ငါးရက်ခန့် ပြေးဆွဲလျက် ရှိပြီး မြန်မာနိုင်ငံ အနှံ့ရှိ မြို့နယ် ၂၆ မြို့နယ်သို့ ပြေးဆွဲနေကြောင်း မြန်မာလေကြောင်းလိုင်းထံမှ သိရသည်။

အဆိုပါ ခရီးစဉ် ပြေးဆွဲနေသည့် Air Bagan လေကြောင်းလိုင်း အနေဖြင့်မူ ယခု နှစ်စပိုင်းတွင် စတင်ကာ ခရီးစဉ် အားလုံးအတွက် လက်မှတ် ဈေးနှုန်းများကို ၂၀ ရာခိုင်နှုန်း လျှော့ပေါ့ ပေးထားသဖြင့် လက်မှတ်ဈေးနှုန်း ထပ်မံ လျှော့ချမည် မဟုတ်ကြောင်း ယင်း လေကြောင်းလိုင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment