Tuesday 25 March 2014

မိကျောင်းကန်မြေ ပြန်လည်ရရှိရေး တတိယအကြိမ်မြောက် ထိုင်သပိတ်စခန်းဖွင့်

တပ်မတော်အစိုးရ လက်ထက်က သိမ်းယူခဲ့သော သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် ၁၊ ၂၊ ၃ ရပ်ကွက်မြေများ ပြန်လည်ရရှိရန် မြေသိမ်းဆည်း ခံထားရသည့် ပြည်သူများက မတ်လ ၂၄ ရက်နေ့တွင် တတိယ အကြိမ်မြောက် အဖြစ် ရန်ကုန်မြို့တော်ရှိ မြို့တော်ခန်းမ အနီးတွင် ထိုင်သပိတ်စခန်း ဖွင့်လှစ်ကြောင်း အဆိုပါ သပိတ်စခန်း ဦးဆောင် လှုပ်ရှားသူများထံမှ သိရသည်။

သပိတ်စခန်းကို ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံ အနီးတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး တပ်သိမ်းမြေ ပြန်လည် အပ်နှံမည်ဟု ခိုင်မာသော အထောက်အထားများ ပေးမှသာလျှင် သပိတ်စခန်းကို ရုပ်သိမ်းမည် ဖြစ်ကြောင်း မိကျောင်းကန် ရပ်ကွက်နေ ဦးစိန်သန်းက ပြောကြားသည်။

“မြို့လယ်ကောင်မှာ ဆန္ဒထုတ်ဖော်ရတာ အစိုးရက အကောင်းဆုံး ဖြေရှင်းပေးမယ်လို့ ထင်လိုပါ။ ဒါပေမဲ့ ပြည်ထောင်စု အစိုးရ အဖွဲ့ကော၊ လွှတ်တော်ကြီးကောက အခုထိ ပြီးပြတ်အောင် ဖြေရှင်း မပေးနိုင်ဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ သပိတ်စခန်းကို မြေပြန်လည် ရရှိသည်အထိ ဖွင့်လှစ် တောင်းဆိုသွားမည် ဖြစ်ပြီး အကြမ်းဖက် နှိမ်နင်းလာပါက ငြိမ်းချမ်းစွာ ပြန်လည် တုံ့ပြန်သွားမည် ဖြစ်ကြောင်း သပိတ်စခန်း ဦးဆောင်သူများထံမှ သိရသည်။

မိကျောင်းကန် မြေသိမ်းခံရမှု ပြဿနာကို အစိုးရမှ မျက်ကွယ်ပြုထားခြင်း မလုပ်ဘဲ ပူးပေါင်း ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ရှာဖွေကာ ညှိနှိုင်းဆောင်ရွက်ရန် အချိန်ကျနေပြီ ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။

“ပြည်သူကတော့ မျှတတဲ့ အခွင့်အရေး မရရင် ဆန္ဒပြမှာပဲ။ အပြစ်ပြောလို့ မရဘူး။ ဒီမိုကရေစီ အစိုးရ အနေနဲ့ကတော့ မျက်နှာပျက်စရာ၊ သိက္ခာကျစရာတွေ ဖြစ်လာမယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ မိကျောင်းကန် တပ်သိမ်းမြေများ ပြန်လည် ရရှိရေးအတွက် ကျောက်တံတားမြိုနယ်နှင့် သင်္ဃန်းကျွန်း မြို့နယ်များတွင် သပိတ်စခန်းဖွင့် တောင်းဆိုမှု၊ လမ်းလျှောက် ဆန္ဒပြ တောင်းဆိုမှု ကိုးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သော်လည်း ပြေလည်မှု မရှိသေးပေ။

မိကျောင်းကန် ရပ်ကွက်ရှိ မြေများကို တပ်မတော်အစိုးရက သိမ်းဆည်းခဲ့ခြင်း ဖြစ်ပြီးနောက် ငှားရမ်းခဲ့ပြီး နှစ်ပေါင်း ၂၀ ကျော်ကြာ ငှားရမ်း နေထိုင်နေသူ အိမ်ထောင်စု ၁၈၀ ကျော်ကိုလည်း ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက တပ်မြို့ စည်ပင်သာယာရေး အဖွဲ့က ဖယ်ရှားခဲ့သည်။

The Voice Weekly

No comments:

Post a Comment