Tuesday 25 March 2014

ပုဂံ-ညောင်ဦးနှင့် ဒီပဲယင်းမြို့တို့တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံးပြင်ဆင်ပေးရန် ဒေသခံများ ဆန္ဒပြ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အမြန်ဆုံးပြင်ဆင် ပေးရန်အတွက် ပုဂံ-ညောင်ဦး ဒေသခံများ ဆန္ဒထုတ်ဖော်နေစဉ်
ပုဂံညောင်ဦးတွင် မတ် ၂၄ ရက် နံနက် ၁၀ နာရီက ရွှေစည်းခုံဘုရားတောင်ဘက်၊ အလိုတော်ပြည့် ဘုန်းတော်ကြီး ကျောင်းအနီး၊ ငြမ်းကြီးကုန်း (နန်းကြည့်ကုန်း) ကွင်းတွင်  ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရေး လူထုဆန္ဒ ဖော်ထုတ်ပွဲ ကျင်းပခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ပေး၊ ပုဒ်မ ၄၃၆ ပြင်ဆင်ပေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ပေး၊ ပုဒ်မ ၄၃၆ ဖျက်သိမ်းပေး စသော စာတန်းပါအင်္ကျီ၊ ပိုစတာ၊ ဆိုင်းဘုတ်များကိုင်ဆောင်ပြီး ငြမ်းကြီးကုန်းကွင်းသို့ ဒေသခံများ စုဝေးရောက်ရှိလာကာ အခမ်းအနားအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းများဖြင့် စတင်ခဲ့သည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ၈၈ မျိုး ဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း၊ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုကြီး၏ ဟောပြောပွဲကိုပါ ကျင်းပခဲ့ရာ ဒေသခံအင်အား ၁၀၀၀ ခန့် တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။

"နာကြည်းမုန်းတီးမှုတွေနဲ့ ကျွန်တော်တို့ နိုင်ငံတော်သစ်ကို တည်ဆောက်လို့မရဘူး။ ဒါကြောင့်မို့လို့လည်း ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြားဖြတ်ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်တာကို ကျွန်တော်တို့ လှိုက်လှိုက်လှဲလှဲ ထောက်ခံပြီးတော့ အတတ်နိုင်ဆုံး အဲဒီရွေးကောက်ပွဲကို လွတ်လပ်ဖို့၊ တရားမျှတဖို့ ကျွန်တော်တို့ ကူညီပံ့ပိုးခဲ့တယ်။ အဲဒါဘာလဲဆိုတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို လိုချင်လွန်းလို့ ဟောဒီ ဖွဲ့စည်းပုံကြီးကို မကြိုက်ဘဲနဲ့ လက်ခံပြီးတော့ ဒေါ်အောင်ဆန်းစုကြည်လည်းပဲ ရွေးကောက်ပွဲကို ၀င်ခဲ့တယ်။ ကျွန်တော် တို့လည်းပဲ ဟောဒီ ဖွဲ့စည်းပုံအခြေခံ ဥပဒေ စကတည်းက တစ်ဖက်သတ်လုပ်တာကို သိပေမယ်လို့ နိုင်ငံကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောင်းလဲချင်လို့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေအရလုပ်တဲ့ ရွေးကောက်ပွဲကို စောင့်ကြည့် လေ့လာမှုတွေ လုပ်ခဲ့တယ်။ အဲဒါဘာလဲဆိုတော့ တိုင်းပြည်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောင်းလဲချင်လွန်း အားကြီးလို့။ ဒါပေမယ်လို့ စကတည်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ရွေးကောက်ပွဲ ၀င်ကတည်းက ပြည်သူကို အတိအလင်း ပွင့်ပွင့်လင်းလင်းပဲ ကတိပေးခဲ့တယ်။ ဟောဒီ ရွေးကောက်ပွဲကိုဝင်တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတဲ့ ခိုင်မာတဲ့ ရည်ရွယ်ချက်ကို ပြတ်ပြတ်သားသားပဲ ပြောခဲ့တယ်။ အဲဒီတော့ ကျွန်တော်တို့ ၈၈ မျိုးဆက်တွေ ဆိုတာကလည်းပဲ ဖွဲ့စည်းပုံမဖြစ်ခင် ကတည်းက ညောင်နှစ်ပင် ညီလာခံက တစ်ဖက်သတ် ဆောင်ရွက်နေတာတွေကို ဆန့်ကျင်ကန့်ကွက်ပြီးတော့ ကျွန်တော်တို့ ထောင်ထဲဝင်သွားခဲ့တယ်။ အဲဒီတော့ ဒီနေ့ဒီအချိန်မှာတော့ နိုင်ငံတော်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြောင်းလဲချင်တဲ့အတွက် ဟောဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်ထဲကနေပြီးတော့ မကြိုက်ဘဲနဲ့ ပြုပြင်ပြောင်းလဲဖို့ ကျွန်တော်တို့ ကြိုးစားခဲ့တယ်။ အဲဒီလိုကြိုးစားတဲ့ နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကတိက၀တ်အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ၈၈ မျိုး ဆက်တွေကလည်းပဲ ဒီအခြေခံဥပဒေကို စကတည်းက တရားမျှတမှု မရှိတာတွေကို ထောက်ပြကန့်ကွက်ခဲ့တဲ့ အတွက်ကြောင့်  ပြင်ဆင်ဖို့ ပြီးခဲ့တဲ့ရှစ်လေးလုံး ငွေရတုအခမ်း အနားကြီးမှာလည်းပဲ ဆုံးဖြတ်ချက်သုံးချက် ချမှတ်တဲ့နေရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတာကို ကျွန်တော်တို့က အရေးပါတဲ့ ဆုံးဖြတ်ချက်အဖြစ်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ၊ ပြည်ပနိုင်ငံရေးပါတီ အင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေ အားလုံး ပါဝင်ပြီးတော့ ဆုံးဖြတ်ပြီးပြီ။ အဲဒီ ဆုံးဖြတ်ချက်ကို အကောင်အထည် ဖော်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျွန်တော်တို့ ၈၈ ခေါင်းဆောင်တွေနဲ့ နေပြည်တော်မှာတွေ့တယ်။ တွေ့ဆုံဆွေးနွေးပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပူးတွဲဆောင်ရွက်မယ်လို့ သဘောတူညီမှု ရယူခဲ့တယ်။ နောက်တစ်ကြိမ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့နဲ့ ကျွန်တော်တို့ ၈၈ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးတော့ ဖွဲ့စည်းပုံပြင်ဆင်တဲ့ နေရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအခန်း (၁၂)၊ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ဖို့အတွက် ပူးတွဲဆောင်ရွက်သွားမယ်။ ငြိမ်းချမ်းတဲ့ တရားမျှတတဲ့ နည်းလမ်းတွေနဲ့ ပူးတွဲဆောင်ရွက်သွားမယ် ဆိုတာကို ကျွန်တော်တို့ ကြေညာချက် ထုတ်ခဲ့တယ်" ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အထွေထွေ အတွင်းရေးမှူး ဦးကိုကိုကြီးက ၎င်း၏ဟောပြောမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။

တက်ရောက်လာသူများက မေးခွန်းငါးခု မေးမြန်းခြင်း၊ ပုဒ်မ ၄၃၆ အား ပြင်ဆင် ပယ်ဖျက်ပေးခြင်းကို ထောက်ခံခြင်းများဖြင့် အခမ်းအနားအား နံနက် ၁၁ နာရီခွဲတွင် ရုပ်သိမ်းခဲ့သည်။

"ခုလို ဆန္ဒဖော်ထုတ်ခွင့်ရတဲ့အပေါ် ကျေနပ်မိပါတယ်" ဟု ဆန္ဒဖော်ထုတ်ပွဲ ဖြစ်မြောက်ရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ညောင်ဦးမြို့မှ ကိုလင်းအောင်သက်က ဆိုသည်။

Eleven Media Group

No comments:

Post a Comment