Tuesday 25 March 2014

ပျောက်ဆုံးနေသော မလေးရှားလေကြောင်းလိုင်း လေယာဉ်သည် အိန္ဒိယသမုဒ္ဒရာထဲသို့ ပျက်ကျခဲ့ကြောင်း မလေးရှားဝန်ကြီးချုပ် ပြောကြား

မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇက်က ကွာလာလမ်ပူတွင် မတ် ၂၄ ရက်က ပျောက်ဆုံးလေယာဉ်နှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် (Photo: AFP)
ပျောက်ဆုံးနေသည်မှာ သီတင်းပတ် နှစ်ပတ်ကျော် ရှိလာသော မလေးရှားလေကြောင်းလိုင်း၏ ခရီးသည်တင် လေယာဉ်သည် အိန္ဒိယသမုဒ္ဒရာထဲသို့ ပျက်ကျခဲ့ကြောင်း မလေးရှားက မတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် လေယာဉ်သည် ရည်ရွယ်ထားသည့် လမ်းကြောင်းမှ ပြောင်းလဲပျံသန်းခဲ့သော ထူးဆန်းသည့် အချက်ကိုမူ မရှင်းလင်းခဲ့ပေ။

ဂြိုဟ်တုဓာတ်ပုံများကို နောက်ဆုံးလေ့လာ သုံးသပ်မှုအရ မလေးရှားလေကြောင်း လိုင်း လေယာဉ်ခရီးစဉ် MH370 ၏ နောက်ဆုံးတည်နေရာသည် သြစတြေးလျအနောက် ဘက်ကမ်းရိုးတန်းမှ ဝေးလံသောရေပြင် တွင်ဖြစ်ပြီး လေယာဉ်ဆင်းသက်နိုင်သည့်နေရာနှင့် အလွန်အမင်းဝေးကွာနေကြောင်း မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇက်က မတ် ၂၄ ရက်နှောင်းပိုင်းတွင် မြို့တော်ကွာလာလမ်ပူ၌ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ရရှိခဲ့သောအချက်အလက်သစ်အရ MH370 သည် အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းသို့ ပျက်ကျခဲ့သည်ကို ၀မ်းနည်းစွာဖြင့် ထုတ်ပြန်လိုက်ရကြောင်း နာဂျစ်က ပြောကြားခဲ့သည်။

ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် လေယာဉ်ပေါ်လိုက်ပါခဲ့သူ ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ၏ မိသားစုဝင်၊ ဆွေမျိုးများသည် လေယာဉ်ပါသူအားလုံး အသက်ရှင်နိုင်ခြေ မျှော်လင့်ချက်မရှိတော့ကြောင်း လက်ခံခဲ့ရသည်။
လေယာဉ်သည် ပျောက်ဆုံးသွားသည်ဟု မိမိတို့ မှတ်ယူရမည်ဖြစ်ကြောင်း မလေးရှား လေကြောင်းလိုင်းက လေယာဉ်ပေါ် လိုက်ပါခဲ့သူ ခရီးသည်နှင့် လေယာဉ်အမှုထမ်းအားလုံး၏ မိသားစု များကိုအစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ဂြိုဟ်တုမှရသော အချက်အလက်များကို ဗြိတိန်ကုမ္ပဏီ Inmarsat ၏ လေ့လာသုံးသပ် ထား မှု များအား ဗြိတိန်လေကြောင်း မတော်တဆမှုများ စုံစမ်းစစ်ဆေးရေးအဖွဲ့ခွဲမှ ကိုယ်စားလှယ်များက နာဂျစ်အား အစီ ရင်ခံခဲ့ခြင်းဖြစ်သည်။

လေယာဉ်မှ အပျက်အစီးအပိုင်းအစများကို အိန္ဒိယသမုဒ္ဒရာအထိ ဖြန့်ကျက်ပြီး နိုင်ငံစုံမှ ပူးပေါင်းရှာဖွေမှုကို ဆက်လက်ပြုလုပ်မည်ဖြစ်ကာ ကျန်ရှိနေသေးသော မေးခွန်းများကို အဖြေရှာနိုင်ရန် ကြိုးစားသွား မည်ဖြစ်ကြောင်း မလေးရှားလေကြောင်းလိုင်းက ထုတ်ပြန်ခဲ့သည်။ လေယာဉ်ပေါ်ရှိ တစ်စုံတစ်ဦးက လေယာဉ် ကို ရည်ရွယ်ချက်ရှိရှိ လမ်းကြောင်းပြောင်းခဲ့သည်ဟု မလေးရှားက ယုံကြည်ခဲ့သော်လည်း ခိုင်လုံသော အထောက်အထားများ မပြသနိုင်ခဲ့ပေ။

အဖြူရောင် အစအနများနှင့်အတူ မျောပါနေသော ကြီးမားသည့်အရာဝတ္ထုကြီးနှစ်ခုကို တရုတ်လေယာဉ် အမှုထမ်းတစ်ဦးက မတ် ၂၄ ရက်အစောပိုင်းတွင် ရှာတွေ့ခဲ့သည်ဟု တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းအေဂျင်စီ က ဖော်ပြခဲ့သည်။ သံသယဖြစ်ဖွယ် အရာဝတ္ထုများကို အမေရိကန် ရှာဖွေရေးလေယာဉ် တစ်စင်း က ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့ဟု သြစတြေးလျ ရေကြောင်းလုံခြုံရေးအာဏာပိုင်အဖွဲ့ (AMSA) က မတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မရှေးမနှောင်းပင် သြစတြေးလျက အရာဝတ္ထုနှစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး စစ်ဆေးရန် သင်္ဘောတစ်စင်း စေလွှတ်ခဲ့ကာ နာရီပိုင်းအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း မလေးရှားပို့ဆောင်ရေးဝန်ကြီး ဟီရှင်မူဟင် ဟူစိန် က ပြောကြားခဲ့သည်။

လေယာဉ်ကုန်တင်ခန်း၌သုံးသည့် ပျဉ်ပြားတစ်ပြား၊ သိုင်းကြိုးများနှင့် အခြားအပျက်အစီးအစအနများကို သြစတြေးလျ လေယာဉ်တစ်စင်းက မတ် ၂၂ ရက်တွင် တွေ့ရှိခဲ့ပြီးနောက် ပြင်သစ်နှင့် တရုတ်ဂြိုဟ်တု အချက်အလက်များကလည်း သြစတြေးလျ အနောက်ဘက်ကမ်းလွန်တွင် မျောနေသော အရာဝတ္ထုများကို မရှေးမနှောင်းပင် တွေ့ရှိခဲ့သည်ဟုလည်း ဆင်ဟွာက ဖော်ပြခဲ့သည်။

ပါ့သ်မြို့အနောက်တောင်ဘက် ကီလိုမီတာ ၂၅၀၀ (၁၅၆၂ မိုင်) အကွာရှိ ရေပြင်မှ အရာဝတ္ထုများကို ကရိန်းတပ်ထားသော သြစတြေးလျရေတပ်သင်္ဘော HMAS Success က ဆယ်ယူမည်ဖြစ်သည်။

လေယာဉ်ပျောက်ဆုံးမှုကို ဖော်ထုတ်ရန် အရေးပါသော black box အား ရှာဖွေရာတွင် ကူညီနိုင်ရန် အမေရိကန်က အထူးကိရိယာတစ်ခုကို ပေးပို့ခဲ့သည်။ လေယာဉ်ပျက်ကျကြောင်း အတည်ပြုနိုင်ပါက black box ရှာဖွေရေးသည် ၂၀၀၉ ခုနှစ်တွင် အတ္တလန္တိတ် သမုဒ္ဒရာ၌ ပျက်ကျခဲ့သောုပြင်သစ်လေကြောင်းလိုင်း လေယာဉ်မှ black box ကို ရှာဖွေမှုထက် ပိုမိုခက်ခဲနိုင်ကြောင်း ခန့်မှန်းထားကြသည်။

 Ref:AFP
Eleven Media Group

No comments:

Post a Comment