Tuesday 25 March 2014

ပြည်သူ့လွှတ်တော် အတည်ပြုချက်အတိုင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်း စွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းအား အတည်ပြုသင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အကြံပြု

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ အတည်ပြုချက်အတိုင်း အတည်ပြုသင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီက အကြံပြုခဲ့သည်။

မတ် ၂၄ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် ပြည်သူ့လွှတ်တော်က အတည်ပြုထားသည့် နှစ်နှစ် ထက် မပိုသော ထောင်ဒဏ်အစား တစ်နှစ်ထက်မပိုသော ထောင်ဒဏ်၊ ဥပဒေတွင် ပါရှိသည့် ပုဒ်မ ၁၈ တွင် တစ်နှစ်ထက်မပိုသော ထောင်ဒဏ်အစား ခြောက်လထက်မပိုသော ထောင်ဒဏ်၊ ပုဒ်မ ၁၉ တွင် ပါရှိသည့် ခြောက်လထက်မပိုသော ထောင်ဒဏ်အစား တစ်လထက်မပိုသော ထောင်ဒဏ်ဟု ပြင်ဆင် ထားမှုများအား သဘောတူသင့်ကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက အကြံပြု ထား သည်။

အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်မြင့်သိန်းက "ဥပဒေကြမ်းမှာ အဓိကပြင်ဆင်ခဲ့တဲ့ အချက်တွေက ဆန္ဒထုတ်ဖော်လိုတဲ့ ပြည်သူတွေရဲ့ ခွင့်ပြုချက်လျှောက်ထားတဲ့ လုပ်ငန်းစဉ်တွေကို ဖြေလျှော့ထားပါတယ်။ ခွင့်ပြုချက်ကို ငြင်းပယ်ခြင်းကို ပယ်ဖျက်ထားပါတယ်။ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာ ပြဋ္ဌာန်း ချက်တွေမှာလည်း ထောင်ဒဏ်တွေကို ထက်ဝက်လျှော့ချထားခြင်းတွေ စသဖြင့် ပြင်ဆင်ဖြည့်စွက်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် ပြည်သူ့လွှတ်တော်က အတည်ပြုတဲ့အတိုင်း အတည်ပြုသင့်ပါတယ်" ဟု အစီရင်ခံ ဖတ်ကြားခဲ့သည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေတွင် ပါရှိသည့် "ခွင့်ပြုမိန့်" စကားရပ်အစား"ခွင့်ပြုချက်" ဖြင့် အစားထိုးရန်၊ ဥပဒေ၏အခန်း ၄ တွင်ပါရှိသည့် ခွင့်ပြုမိန့် ထုတ်ပေးခြင်းနှင့် ငြင်း ပယ်ခြင်း စကားရပ်များအား ငြင်းပယ်ခြင်းစကားရပ်အား ပယ်ဖျက်ရန်အချက်များ ပါဝင်ကြောင်း သိရသည်။

ထောင်ဒဏ်အား ပယ်ဖျက်ခြင်းမရှိဘဲ လျှော့ပေါ့ခြင်းဖြင့်သာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့် လည် ခွင့်ဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား  မတ် ၅ ရက်တွင် ပြုလုပ်သော ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့သည်။

အဆိုပါဥပဒေကြမ်းအား ပြည်သူ့လွှတ်တော် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီက လွှတ်တော်သို့ အဆိုပြုချက်များဖြင့် တင်သွင်းခဲ့ခြင်း ဖြစ်သည်ကို တွေ့ရှိရကြောင်း အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြောကြားခဲ့သည်။

ယင်းသို့ပြင်ဆင်ရာတွင် မူလဥပဒေ တစ်ခုလုံးတွင် ပါရှိသော "ခွင့်ပြုမိန့်" ဆိုသည့် စကားရပ်ကို "ခွင့်ပြုချက်" ဆိုသည့် စကားရပ်ဖြင့်လည်းကောင်း၊ မူလဥပဒေပုဒ်မ (၄)(ဂ) ၌ ပါရှိသော "ကိုယ်ရေးအချက်အလက်" ဆိုသည့် စကားရပ်ကို "အမည်နှင့် ဆက်သွယ်ရမည့် နေရပ်လိပ်စာ အပြည့်အစုံ" ဆိုသည့် စကားရပ်ဖြင့် ပြင်ဆင်အတည်ပြုရန်၊ ထို့အပြင် မူလဥပဒေပါအခန်း ၄ ခေါင်းစဉ်ဖြစ်သော "ခွင့်ပြုမိန့်ထုတ်ပေးခြင်းနှင့် ငြင်းပယ်ခြင်း" စကားရပ်မှ "ငြင်းပယ်ခြင်း" ဆိုသည့် စကားရပ်၊ ပုဒ်မ ၆ ၌ပါရှိသော "သို့မဟုတ် ထုတ်ပေးရန် ငြင်းပယ်ခြင်းတို့" ဆိုသည့် စကားရပ်နှင့် ပုဒ်မ (၇)(ခ)နှင့် ပုဒ်မ ၉ တို့အား ပယ်ဖျက်၍ ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့ကြောင်း သိရသည်။

သို့ဖြစ်၍ ငြင်းပယ်ခြင်း ပြဋ္ဌာန်းချက်အား ပယ်ဖျက်ခဲ့သည့် ဆန္ဒပြရန် လျှောက်ထားလာသူကို ငြင်းပယ်ခွင့် မရှိဘဲ အချက်အလက် ပြည့်စုံပါက သက်ဆိုင်ရာမှ ခွင့်ပြုချက်ပေးရမည်ဖြစ်ပြီး ခွင့်ပြုချက် လျှောက်ထားခြင်း မရှိသူများကို အရေးယူမည်ဖြစ်သည်။

ယင်းအပြင် မူလဥပဒေ၏ ဥပဒေပုဒ်မ (၁၂) ပုဒ်မခွဲ(ဋ)အား "ပုဒ်မခွဲ(က)မှ ပုဒ်မခွဲ (ည)အထိပါ စည်း ကမ်းချက် တစ်ရပ်ရပ်ကို လိုက်နာခြင်းမရှိ၍ ခွင့်ပြုချက်ရုပ်သိမ်းခြင်း ခံရပါက ဆက်လက် ဆောင် ရွက်ခြင်းမပြုဘဲ လူစုခွဲရမည်" ဟု  စကားဖြင့် ပြင်ဆင်အတည်ပြုခဲ့သည်။

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေ၏ အဓိကပုဒ်မဖြစ်သော ပုဒ်မ ၁၈ အား ဥပဒေကြမ်း တင်သွင်းသည့် တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် တိုင်ကြားစာများ၊ အသနားခံစာများ စိစစ်ဆောင်ရွက်ရေး ကော်မတီမှ ပယ်ဖျက်ရန် အဆိုပြုခဲ့သော်လည်း ဥပဒေကြမ်းအား ဆွေးနွေးသည့်အခါ တွင် မအောင်မြင်ခဲ့ကြောင်း သိရသည်။

အလားတူ အလုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပုဒ်မ ၁၈ တွင် ပါရှိသော "တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ" ဆိုသည့် စကားရပ်နှင့် ပုဒ်မ ၁၉ တွင်ပါရှိသော "ခြောက်လထက်မပိုသော ထောင်ဒဏ်" ဆိုသည့် စကားရပ်တို့အား "ကျပ်ငါးသောင်းထက် မပိုသောငွေဒဏ် ချမှတ်ရမည်။ ငွေဒဏ်မဆောင်ပါက ထောင်ဒဏ်တစ်လ ချမှတ်ရမည်" စကားရပ်ဖြင့် ပြင်ဆင်ရန် အဆိုပြုခဲ့သော်လည်း ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက်နှင့် ယှဉ်ပြိုင်၍  မဲခွဲဆုံးဖြတ်ရာတွင် ရှုံးနိမ့်ခဲ့သည်။

ထို့ကြောင့် ဥပဒေကြမ်းကော်မတီ၏ ပုဒ်မ ၁၇ တွင်ပါရှိသော "နှစ်နှစ်ထက်မပိုသော ထောင်ဒဏ်" ဆိုသည့်စကားရပ်ကို "တစ်နှစ်ထက် မပိုသောထောင်ဒဏ်" ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ ပုဒ်မ ၁၈ တွင်ပါရှိသော "တစ်နှစ်ထက်မပိုသော ထောင်ဒဏ်" ဆိုသည့် စကားရပ်ကို "ခြောက်လထက် မပိုသောထောင်ဒဏ်" ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း၊ ပုဒ်မ ၁၉ တွင်ပါရှိသော "ခြောက်လထက် မပိုသော ထောင်ဒဏ်" ဆိုသည့်စကားရပ်ကို "တစ်လထက်မပိုသော ထောင်ဒဏ်" ဆိုသည့်စကားရပ်ဖြင့် လည်းကောင်း ပြင်ဆင်ထားသည့်အတိုင်း ပြည်သူ့လွှတ်တော်မှ အတည်ပြုခဲ့သည်။

အဆိုပါ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအား ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက မတ် ၂၈ ရက်နောက်ဆုံးထား၍ အမည်စာရင်း ပေးသွင်းရမည်ဖြစ်ကြောင်း အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက ကြေညာခဲ့သည်။

Eleven Media Group

No comments:

Post a Comment