Tuesday 25 March 2014

နိုင်ငံခြားသားများ အမြဲတမ်း နေထိုင်ခွင့် (PR) စနစ် မူကြမ်း လွှတ်တော်သို့ တင်ပြရန် သူရ ဦးရွှေမန်း တိုက်တွန်း

လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ရေးဆွဲနေသော မြန်မာနိုင်ငံအတွင်း နိုင်ငံခြား သားများ အမြဲတမ်း နေထိုင်ခွင့် (Permanent Residence System- PR) စနစ် မူကြမ်းကို ပြည်သူ့ လွှတ်တော် သို့ တင်ပြရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာနသို့ တိုက်တွန်း ပြောကြားသည်။ 

အဆိုပါ ဝန်ကြီးဌာနက ရေးဆွဲနေသော မြန်မာနိုင်ငံ အတွင်း နိုင်ငံခြားသားများ အမြဲတမ်း နေထိုင်ခွင့် ပြုမည့် စနစ် (PR) နည်းဥပဒေကိုလည်း တာဝန်ခံ ရေးဆွဲကာ လွှတ်တော်သို့ ပြန်လည် တင်ပြသင့်ကြောင်း ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 

မတ်လ ၂၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မလှိုင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က မြန်မာနိုင်ငံတွင် နေထိုင်ခဲ့သော မြန်မာနိုင်ငံ သားဟောင်းများနှင့် နိုင်ငံခြားသားများ ပြည်တွင်းသို့ အမြဲလာရောက် နေထိုင်နိုင်မည့် အခွင့်အရေး စတင်မည့် အချိန်ကို သိရှိလိုကြောင်း မေးမြန်းရာ သူရ ဦးရွှေမန်းက ယင်းသို့ တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။

PR စနစ် ကျင့်သုံးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ သွားရောက်စဉ် အမေရိကန် နိုင်ငံရောက် မြန်မာနိုင်ငံသားများကို ကတိပေး ပြောဆိုထားပြီး အဆိုပါစနစ် ဖြစ်မြောက်ရေးအတွက် စီမံခန့်ခွဲရေး ကော်မတီကို ဒုတိယ သမ္မတ ဦးဉာဏ်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူ လုပ်ဆောင်နေကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်းက ပြောကြားသည်။

PR စနစ် ဖြစ်မြောက်ရေးအတွက် အာဆီယံ ဒေသတွင်းမှ ၉ နိုင်ငံအပြင် အမေရိကန်၊ အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျ၊ တောင်အာဖရိကနှင့် ဥရောပနိုင်ငံ အချို့၏ မူနှင့်စနစ်များကို လေ့လာ၍ ရေးဆွဲထားသော မူကြမ်း ကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီနှင့် ပဏာမ ညှိနှိုင်းထားကြောင်း ယင်းကော်မတီ ထံမှ သိရသည်။

ထို့အပြင် ထပ်မံ ရေးဆွဲထားသော နည်းဥပဒေကို ပြည်ထောင်စုရှေ့နေချုပ် ရုံးသို့ တင်ပြထားပြီ ဖြစ်ကြောင်း ဦးကျော်ကျော်ဝင်းက ထပ်လောင်း ပြောကြားသည်။

PR စနစ် ခွင့်ပြုရန် အစိုးရက ၂၀၁၂ ခုနှစ် စက်တင်ဘာလမှ စတင်ကာ လုပ်ဆောင်ခဲ့သော်လည်း တစ်နှစ်ကျော် ကြာမြင့်သည့် အထိ ဆောင်ရွက်ပြီးစီးခြင်း မရှိသေးပေ။

The Voice Weekly

No comments:

Post a Comment