Saturday 12 December 2015

မိတ္ထီလာမြို့တွင် ပြောင်းလဲချိန်တန်ပြီစာတန်းပါ အမှိုက်ပုံးများ ချထားမည်

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့တွင်း အချက်အချာကျသောနေရာများတွင် ပြောင်းလဲချိန်တန်ပြီစာတန်းပါ ဖိုက်ဘာအမှိုက်ပုံး ၅၅ လုံးချထားပေးမည် ဖြစ်ကြောင်း အဆိုပါမြို့နယ် NLD ပါတီဥက္ကဋ္ဌ ဒေါက်တာစိုးဝင်းက ဆိုသည်။

"ပြည်သူတစ်ရပ်လုံး စည်းကမ်းတကျအမှိုက်ပစ်တတ်အောင် အလေ့အကျင့် တွေ ရစေချင်တာပါ။ အဲ့ဒီလိုပစ်တတ်ဖို့ အမှိုက်ပုံးရှိဖို့လိုတယ်။ အမှိုက်ပုံး မရှိတဲ့နေရာ တွေကိုတော့ စည်ပင်နဲ့ညှိပြီးချပေးမယ်။ အမှိုက်ပုံးတစ်လုံးကို သုံးသောင်းကျော်လောက်တန်တော့ ပျောက်မှာလည်းစိုးရိမ်တယ်။ ဒါကိုစိုးရိမ်နေရင်လည်း အလေ့အကျင့်ကောင်းက ဖြစ်လာမှာမဟုတ်ဘူး" ဟု ၎င်းက ပြောသည်။

အဆိုပါ ဖိုက်ဘာအမှိုက်ပုံးများကို အလှူရှင်များ၏ ပံ့ပိုးမှုဖြင့် ချထားပေးမည်ဖြစ် ကာ နောက်ပိုင်းတွင်လည်း ထပ်မံချထားပေးမည်ဖြစ်ကြောင်း ဒေါက်တာစိုးဝင်း က ဆိုသည်။

NLD ပါတီဝင်များနှင့် ဒေသခံပြည်သူ ၁၀၀ ခန့်သည် ယနေ့ (ဒီဇင်ဘာလ ၁၂ ရက်) နံနက် ၈ နာရီမှ စပြီး မိတ္ထီလာမြို့ရှိ အချက်အချာကျသည့်နေရာများတွင် အမှိုက်ကောက်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မိတ္ထီလာ တက္ကသိုလ်ဝန်းကျင်တွင် ဆက်လက်ပြုလုပ်သွား မည်ဖြစ်ကြောင်း ဒေသခံ များထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment