Saturday 12 December 2015

ရွှေစက်တော်ပွဲတော်အတွက် ကြိုတင် ပြင်ဆင်နေပြီး မန်းချောင်း စံချိန်တင် ရေကြီးရေလျှံခဲ့မှုကြောင့် ယခင်နှစ်များထက် အခက်အခဲများရှိနေ

ရွှေစက်တော်ပွဲတော် အောက်ခြေတော်ရာ သောင်ခုံတွင် မြေညှိလုပ်ငန်း ဆောင်ရွက်နေသည်ကို တွေ့ရစဉ် 
နှစ်စဉ် တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ ကျင်းပလေ့ရှိသည့် မကွေးတိုင်း မင်းဘူးမြို့နယ်အတွင်းရှိ မန်းရွှေစက်တော် ဘုရားပွဲတော် ကျင်းပရန် တဲကျောင်း (တည်းခိုဆောင်)နှင့် ဆိုင်ခန်းများအတွက် ဒီဇင်ဘာလဆန်းပိုင်းမှစ၍ ပြင်ဆင် မှုများ ဆောင်ရွက်နေပြီး မိုးရာသီက မန်းချောင်း စံချိန်တင် ရေကြီးရေလျှံခဲ့မှုကြောင့် ယခင်နှစ်များထက် အခက်အခဲများ ကြုံတွေ့နေကြောင်း ဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့် လုပ်ငန်းရှင်များထံမှ သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် ရက်အရှည်ကြာဆုံး ကျင်းပလေ့ရှိသည့် ယင်းပွဲတော်တွင် နှစ်စဉ် တဲကျောင်းနှင့် ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော် ပါဝင်လေ့ရှိကြောင်း ထိုအခန်းများကို သစ်ဝါးများဖြင့်သာ တည်ဆောက်လေ့ရှိသောကြောင့် တစ်နှစ်ထက်တစ်နှစ် သစ်ဝါးရှားပါးမှု ပိုမိုကြုံတွေ့လာရကြောင်း မိုးရာသီကမန်းချောင်းရေ စံချိန်တင် ကြီးခဲ့မှုကြောင့် အောက်ခြေတော်ရာ တည်ရှိသော တန်ဆောင်း၏ ယာဘက်ကွန်ကရစ် စင်္ကြံများ ပျက်စီးခဲ့ပြီး ပွဲတော်မတိုင်မီ အပြီးပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ တဲကျောင်းနှင့် ဆိုင်ခန်းများ တည်ဆောက်မည့် နေရာများတွင် ရေတိုက်စား၍ ကမ်းပြိုမှုများကြောင့် မြေသားများ အစားထိုးနေရကြောင်း ပွဲတော်အ၀င်ဝ မန်းချောင်းကမ်းပါးသည်လည်း ယခင်နှစ်များထက် ကမ်းပြိုခဲ့သောကြောင့် လမ်းသားအသစ် တည်ဆောက်ရမည်ဖြစ်ကြောင်း၊ မန်းချောင်း၏ ယာဘက်ရှိ သန့်စင်ခန်းအတွဲများအားလုံး မန်းချောင်းရေလျှံနစ်မြုပ်၍ ပျက်စီးမှုများရှိခဲ့ကြောင်း သိရသည်။

ပွဲတော်ကွင်းထဲမှာက အရင်နှစ်တွေကလည်း မြေညှိရတာတွေ ရှိခဲ့ပေမယ့် အခုနှစ်က မြေဖို့ရတာတွေ များလွန်းပါတယ်။ မန်းချောင်းကို ဖြတ်ကူးတဲ့ တံတားတွေဆို အရင်နှစ်တွေက ရေလွှမ်းပေမယ့် ပျက်စီးတာ သိပ်မရှိခဲ့ပေမယ့် အခုနှစ်ဆို တိုင်ငုတ်တွေတောင် မကျန်အောင် မျောပါကုန်ခဲ့ပါတယ်” ဟုပွဲတော် ကွင်းအတွင်းမြေဖို့လုပ်ငန်း ဆောင်ရွက်နေသူတစ်ဦးက ဆိုသည်။

မင်းဘူးမြို့မှ ဒေသခံတစ်ဦးက “အောက်ခြေတော်ရာတန်ဆောင်းရဲ့ အခုပြိုပျက်ခဲ့တဲ့နေရာက ပြန်ပြင်ရင်လည်း နောက်နှစ်တွေမှာ မန်းချောင်းရေကြီးတာနဲ့ ပျက်ဦးမှာပါ။ ပြီးတော့ အဲဒီကွန်ကရစ်စင်္ကြံကြီးကြောင့် မန်းချောင်းရေက ခြေတော်ရာရဲ့ အောက်ကို ၀ဲကတော့ထိုးပြီး လှိုက်စားတာတွေလည်းရှိပါတယ်။ အဲဒီတော့ ခြေတော်ရာကြီး ရေရှည်တည်မြဲရေးအတွက် ထိရောက်တဲ့ ကာကွယ်မှုတွေ ဆောင်ရွက်သင့်ပါတယ်”ဟုဆိုသည်။

မန်းရွှေစက်တော်ရာ ဘုရားအောက်ခြေတော်ရာကို ယခင်နှစ်များက ပွဲတော်ဖွင့်ပွဲ (တပို့တွဲလဆန်း ၁ ရက်) နေ့တွင်မှ ဖွင့်လှစ်လေ့ရှိသော်လည်း မန်းချောင်း ရေလျှံဝင်ရောက်၍ သစ်ပင်များပေါက်နေမှုကြောင့် ဒီဇင်ဘာ ၉ ရက်က ဖွင့်လှစ်ကာ သန့်ရှင်းရေး ဆောင်ရွက်ခဲ့ရ ကြောင်းပွဲတော်တွင်း လုပ်ငန်းခွင်များအတွက် တင်ဒါများခေါ်ယူတော့မည်ဖြစ်ပြီး ထိုလုပ်ငန်းများအား နှစ်စဉ် လုပ်ကိုင်ခွင့်ရသူများကသာ ရလေ့ရှိနေခြင်း အပေါ် ဝေဖန်မှုများရှိနေကြောင်း၊ ထိုပွဲတော်တွင် တပေါင်းလပြည့်နေ့၊ အစိုးရရုံးပိတ်ရက်များနှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲပြီးစရက်များတွင် နိုင်ငံအနှံ့မှ လာရောက်သော ဘုရားဖူးများဖြင့် ပွဲတော်ကွင်း ပြည့်လျှံသည်အထိ စည်ကားလေ့ရှိကြောင်း၊ ထိုသို့ ဘုရားဖူးများ စည်ကားသည့်အချိန်တွင် တဲကျောင်းခများအား ကျပ်တစ်သိန်းခွဲအထိ တောင်းခံမှုအပေါ် နှစ်စဉ်ဝေဖန်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

Writer: အောင်သူငြိမ်း
Eleven Media Group​ 

No comments:

Post a Comment