Saturday 12 December 2015

မြန်မာ့ဟန် မြန်မာ့ရိုးရာ ဆေးမင်ကြောင် ဖန်တီးမှုပြိုင်ပွဲ ကျင်းပမည်

Myanmar Traditional Tattoo Artist Family (MTTAF) က ကြီးမှူးကျင်းပပြီး ဆေးမင်ကြောင် (Tattoo) ပညာရှင်များပါဝင်ယှဉ်ပြိုင်မည့် မြန်မာ့ဟန် မြန်မာ့ရိုးရာ ဆေးမင်ကြောင် ဖန်တီးမှုပြိုင်ပွဲကို ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့ ကန်တော်ကြီးအနီး ကန်ရိပ်သာလမ်းရှိ Hotel Esperado (10th Floor) တွင် နံနက် ၁၁နာရီ မှ ည ၁၁နာရီ အထိကျင်းပမည်ဖြစ်ကြောင်း MTTAF မှ Admin တစ်ဦးဖြစ်သူ ကိုနိုင်ကြီး (G3 Tattoo) က ပြောကြားသည်။

“မြန်မာ့ဆေးမင်ကြောင်လောက မျိုးဆက်သစ်လူငယ်တွေ ပေါ်ထွက်လာဖို့နဲ့ မြန်မာ့ဟန်မြန်မာ့ရိုးရာ ဆေးမင်းကြောင်ပုံစံတွေ မပျောက်ပျက်အောင် ဒီပြိုင်ပွဲလေးကို လုပ်ဖြစ်တာပါ” ဟု ၎င်းကဆိုသည်။ အဆိုပါ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် Tattoo ပညာရှင်များသည် မြန်မာ့ဟန်၊ မြန်မာ့ရိုးရာ ကိုပေါ်လွင်စေမည့် ဆေးမင်ကြောင် ဒီဇိုင်းများကို ၎င်းတို့ခေါ်ယူလာသည့် Tattoo Model ပေါ်တွင် ရေးထိုးကာ ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး ၎င်းတို့ အသုံးပြုမည့် ဆေး၊စက် လိုအပ်သောအရာများကို တစပါတည်းယူဆောင်လာရမည်ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

မြန်မာ့ဟန် မြန်မာ့ရိုးရာ ဆေးမင်ကြောင် ပြိုင်ပွဲတွင် ပန်းချီဝါသနာရှင်များနှင့် ပညာရှင်များစုပေါင်းကာ ပန်းချီအလွတ်တန်းရေးဆွဲခြင်း၊ ဆေးမင်းကြောင်ထိုးထားသည့် ဝါသနာရှင် ပရိသတ်များက ၎င်းတို့ရေးထိုးထားသည့် နှစ်သက်ရာ ဆေးမင်ကြောင်ပုံကို ပြသကာ ပြိုင်ပွဲဝင်ပြီး အကောင်းဆုံး Tattoo Model ကိုရွေးချယ်ကာ ဆုပေးအပ်သွားမည့် အစီအစဉ်များလည်း ပါဝင်ကြောင်း သိရသည်။

MTTAF ပြုလုပ်သည့် မြန်မာ့ဟန်မြန်မာ့ရိုးရာဆေးမင်ကြောင်ဖန်တီးမှုပြိုင်ပွဲကို လာရောက်ကြည့်ရှုမည့်ဝါသနာရှင်များအနေနှင့် ဝင်ကြေး တစ်ဦးလျင် ၆ဝဝဝ ကျပ် ကျသင့်မည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဝင်ရောက် ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားသည့် Tattoo ပညာရှင်ပေါင်း ၃ဝ ခန့်ရှိပြီဖြစ်ကြောင်း MTTAF က သိရသည်။

The Voice Weekly 

No comments:

Post a Comment