Saturday 12 December 2015

အာဏာလွှဲပြောင်းရေး လုပ်ငန်းစတင်

သမ္မတဦးသိန်းစိန်အစိုးရထံမှ ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက ဦးဆောင်ဖွဲ့စည်းမည့် အစိုးရသစ်ထံသို့ အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်များ စတင်နေပြီ ဖြစ်ကြောင်း သမ္မတရုံးနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အချို့က အတည်ပြု ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ ဒီဇင်ဘာလ ၂ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံအပြီး အစိုးရ တစ်ရပ်မှ အစိုးရတစ်ရပ်သို့ စနစ်တကျ အာဏာလွှဲပြောင်းမှု အစဉ်အလာကို စတင်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ယခုကဲ့သို့ အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်များ စတင်လိုက်ခြင်း ဖြစ်သည်။ 

နိုင်ငံတော်သမ္မတရုံးက ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ထုတ်ပြန်ချက်အရ သမ္မတရုံးဝန်ကြီး ဦးလှထွန်း ခေါင်းဆောင်သော အစိုးရကိုယ်စားလှယ် အဖွဲ့နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းထိန် ဦးဆောင်သော အနိုင်ရပါတီ ကိုယ်စားလှယ်အဖွဲ့တို့ ညှိနှိုင်းမှုဖြင့် အာဏာအလွှဲအပြောင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သည်။

အာဏာလွှဲပြောင်းရေး နှစ်ဖက်စလုံးတွင် စတင်ပြင်ဆင်နေပြီဖစ်သလို လာမည့်ရက်သတ္တပတ်မှစတင်ပြီး ကိုယ်စားလှယ်နှစ်ဖွဲ့ တွေ့ဆုံသွားမည်ဖြစ်ကြောင်း NLD ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ဦးဝင်းထိန်က The Voice သို့ အတည်ပြုပြောကြားသည်။ “နောက်တစ်ပတ်ကစပြီး သူတို့နဲ့ကျွန်တော်တို့နဲ့ Transition Team ချင်း ကိုယ်တိုင်ကိုယ်ကျတွေ့ပြီး ဘယ်လိုအလွှဲအပြောင်းလုပ်ရမလဲဆိုတဲ့ အစီအစဉ်တွေကို ညှိနှိုင်းမယ့်အဆင့်ရောက်နေပါပြီ”ဟု၎င်းကဆိုသည်။

အစိုးရအလွှဲအပြောင်း လုပ်ငန်းစဉ်နှင့် တစ်ပြိုင်နက် ဒုတိယအကြိမ် လွှတ်တော်အစည်းအဝေး ခေါ်ယူကျင်းပရေးနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်နာယကသူရဦးရွှေမန်း ဦးဆောင်ပြီး လွှတ်တော်တွင်းအစည်းအဝေးတစ်ရပ်ကို ဒီဇင်ဘာလ ၁၀ ရက်နေ့က နေပြည်တော်လွှတ်တော် ၌ ကျင်းပခဲ့သည်။ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရအပြီး ဝန်ကြီးချုပ်ဦးနု အစိုးရထံမှ ဗိုလ်ချုပ်နေဝင်းက အာဏာသိမ်းပြီး နောက်ပိုင်း ၁၉၈၈ ခုနှစ်တွင် တပ်မတော်က တစ်ဖန် အာဏာသိမ်းခဲ့သဖြင့် အစိုးရတစ်ရပ်မှ အစိုးရတစ်ရပ်သို့ စနစ်တကျ အာဏာလွှဲပြောင်းသင့် ပုံစံမျိုးမရှိခဲ့ပေ။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တစ်ရပ် ပေါ်ထွက်လာသော်လည်း တပ်မတော်အစိုးရလက်ထက် ဝန်ကြီးချုပ်ဦးသိန်းစိန်ထံမှ အသွင်ပြောင်း အစိုးရ သမ္မတ ဦးသိန်းစိန်အဖြစ် ပြောင်းလဲ တာဝန်ယူခဲ့ခြင်းသာ ဖြစ်သည်။

The Voice Weekly 

No comments:

Post a Comment