Saturday 12 December 2015

ရန်ကုန်သို့ ခိုးဝင်လာသော ဘင်္ဂလီခုနစ်ဦးကို သုံးခွတွင် ဖမ်းမိ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှ ရန်ကုန်မြို့ထဲသို့ ခိုးဝင်လာသော ဘင်္ဂလီလူမျိုး အမျိုးသား ခုနစ်ဦးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေ ၅ နာရီခန့်က သုံးခွမြို့နယ် သူကြီးပတုပ်ကျေးရွာတွင် ဖမ်းမိခဲ့ကြောင်း ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ကြည်လွင်က ဆိုသည်။
"ရပ်ကွက်နေသူတွေရဲ့ သတင်းပေးပို့မှုကြောင့် ခိုးဝင်လာတဲ့ ဘင်္ဂလီတွေကို ဖမ်းမိခဲ့တာပါ။ သူတို့ကို ခေါ်လာတဲ့ အမျိုးသားတွေကို မမိသေးဘူး။ ဒီဇင်ဘာလ ၁၁ ရက်နေ့က သုံးခွမြို့နယ် တရားရုံးမှာ ဖမ်းမိတဲ့ ဘင်္ဂလီတွေကို အရေးယူပေးဖို့ လဝက အဖွဲ့က တရားလိုပြုပြီး အမှုစွဲတင်ခဲ့တယ်" ဟု ၎င်းက ပြောသည်။

ဖမ်းမိခဲ့သော ဘင်္ဂလီခုနစ်ဦးကို ရခိုင်ကြီး( စုံစမ်းဆဲ) က နိုဝင်ဘာလ ၂၅ ရက်နေ့က မြောက်ဦးမြို့နယ်မှ အမ်းမြို့သို့ အငှားယာဉ်ဖြင့် သယ်ဆောင်ခဲ့ပြီး အမ်းမြို့မှတစ်ဆင့် ပြည်သို့ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် ပြည်မြို့မှ သုံးခွမြို့ရှိ သူကြီးပတုပ်ကျေးရွာသို့ အငှားယာဉ်ဖြင့် သယ်ဆောင်ကာ နေအိမ်တစ်လုံးတွင် ခိုးဝှက်ထားရှိစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သုံးခွမြို့မ ရဲစခန်းထံမှ သိရှိရသည်။

“ရန်ကုန်မှာ တစ်လ နှစ်သိန်းရတဲ့ အလုပ်ရှာပေးမယ်ဆိုပြီး ဘင်္ဂလီတွေကို ခေါ်လာတာ၊ ဖမ်းမိတဲ့ အဖွဲ့ထဲမှာ ခြောက်ယောက်က အသက် ၁၈ နှစ် မပြည့်သေးလို့ သုံးခွ ဆေးရုံမှာ ဆေးစစ်နေတယ်၊ အသက်ပြည့်သူ ၂၆ နှစ်အရွယ် အမျိုးသားကို ၁၉၄၉ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံရေး အက်ဥပဒေ ပုဒ်မ ၆(၂)/၆(၃) နဲ့ အမှုဖွင့်ပြီး တရားရုံးမှာ စစ်ဆေးနေပါတယ် ” ဟု အဆိုပါရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။

The Voice Weekly

No comments:

Post a Comment