Wednesday 18 November 2015

မြန်မာနိုင်ငံတွင် အမြင့်ဆုံးဖြစ်လာမည့် ဆောက်လုပ်ဆဲကွန်ဒို၌ မီးလောင်

မရမ်းကုန်းမြို့နယ် ၁၀ ရပ်ကွက်၊ ပါရမီလမ်းနှင့်ဦးထွန်းငြိမ်းလမ်းထောင့်ရှိ ဆောက်လက်စ Diamond Inya Palace မီးလောင်နေသည်ကို နိုဝင်ဘာ ၁၇ ရက်နံနက်က တွေ့ရစဉ် (ဓာတ်ပုံ − မောင်သိန်း(ဒဿနိက))
မြန်မာနိုင်ငံတွင် အမြင့် ဆုံးကွန်ဒိုအဖြစ်ဆောက်လုပ် လျက်ရှိသော Diamond Inya Palace ကွန်ဒိုအထပ် ၂၀ ကျော်၌ နိုဝင်ဘာ ၁၇ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လေးနာရီခန့်ကြာအောင် မီးငြှိမ်းသတ်ခဲ့ရ ကြောင်း မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

မရမ်းကုန်းမြို့နယ် ၁၀ ရပ် ကွက် ပါရမီလမ်းနှင့် ဦးထွန်းငြိမ်း လမ်းထောင့်ရှိ ဆောက်လုပ်ဆဲ Diamond Inya Palace ကွန်ဒို တွင် နိုဝင်ဘာ ၁၇ ရက် နံနက် ၃ နာရီခန့်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အထပ်၂၀ ကျော်တွင် မီးလောင်ခြင်းဖြစ်သောကြောင့် ခက်ခက်ခဲခဲငြှိမ်းသတ်ခဲ့ရသည်ဟု ရန်ကုန်တိုင်း မီးသတ် ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ဆောက်လက်စဆိုတော့ ဘာမှ မတပ်ဆင်ရသေးဘူး။ အဲဒီ တော့ အပေါ်ဆုံး ၂၂ ထပ်၊ ၂၃ ထပ်အထိ ပိုက်တွေနဲ့ ခက်ခက်ခဲခဲထမ်းတက်ရတယ်။ နောက်ပြီး အထပ် မြင့်ကြီးဆိုတော့ မီးသတ်တပ်ဖွဲ့ ဌာနချုပ်က High Pressure Pumpတွေပါလာမှ မီးငြှိမ်းရတာလွယ် သွားတာ’’ဟု ၎င်းက ပြောသည်။

မီးလောင်သည့်နေရာသည် အကာအရံမရှိသော နေရာဖြစ်သည့်ပြင် လေတိုက်ခတ်နေသော ကြောင့် မီးကူးစက်မှု မြန်ခဲ့ခြင်းဖြစ်ပြီး နံနက် ၇ နာရီခန့်တွင် အပြီးသတ်မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

မီးလောင်မှုအကြောင်းရင်း မှာ သစ်သားငြမ်းများပေါ်သို့ ဆောက်လုပ်ရေးလုပ်ငန်းသုံး စလိုက်မီးပြုတ်ကျရာ မီးပွားထွက်ရာမှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်သည်ဟု မီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

‘‘တိုက်အသစ်ကြီး၊ တိုက်အ သားက လုပ်လက်စ အာစီလောင်းထားတာဆိုတော့ ဘာမှမလောင် ဘူး။ Recycle လုပ်တဲ့ ငါးထပ် သားအဟောင်း အချပ်ခုနစ်ရာ လောက်က နှစ်ဆယ့်တစ်သိန်း၊ သစ်သားက ဆယ်တန်လောက် လောင်တယ်။ သိန်းနှစ်ဆယ်ဖိုး လောက်၊ စုစုပေါင်း လေးဆယ့် တစ်သိန်းဖိုးလောက်ဆုံးရှုံးသွား တယ်’’ဟု အထက်ပါတာဝန်ရှိသူ က ပြောသည်။

ယင်းမီးလောင်မှုနှင့် ပတ် သက်၍ အဆိုပါ ဆောက်လုပ်ရေး လုပ်ငန်းခွင်၏ ကြီးကြပ်ရေးမှူးကို ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

Diamond Inya Palace ကွန်ဒိုကို အထပ် ၃၀ ကျော်ဆောက် လုပ်မည်ဖြစ်ပြီး အခန်း၃၀၀ ကျော်ပါဝင်မည်ဖြစ်သည်။ မီးလောင်မှုဖြစ်ပွားခဲ့သော်လည်း တိုက်ခန်းရောင်းချမှုကို ရပ်ဆိုင်းထားခြင်းမရှိဘဲ ဆက်လက်ရောင်းချပေးလျက်ရှိသည်ဟု အဆိုပါ ကွန်ဒိုကုမ္ပဏီရုံးခန်းမှ အရောင်းမြှင့်တင်ရေး ၀န်ထမ်းတစ်ဦးက ပြောသည်။

Diamond Inya Palace ကွန်ဒိုသည် Asia Property Awards က ချီးမြှင့်သော မြန်မာနိုင်ငံတွင် ပထမဆုံးနိုင်ငံတကာအဆင့်အိမ် ခြံမြေထူးချွန်ဆု Best Condo Development ဆုကို ရရှိထား သည်။

7Day Daily 

No comments:

Post a Comment