Wednesday 18 November 2015

KIA အဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ်လိုက်လံဖမ်းဆီးနေခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်၊ ၀ဆီးကျေးရွာအနီးတွင် KIAအဖွဲ့မှ လူသစ်အဖြစ် အတင်းအကြပ် လိုက်လံ ဖမ်းဆီးခြင်းများကြောင့် ဒေသခံလူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

ချီဖွေမြို့၊ မေခမြစ်တစ်ဘက်ကမ်းရှိ မျောမောပါကျေးရွာ၊ ဇန်နောင်ယန်ကျေးရွာနှင့် နလောကျေးရွာများသို့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် KIA အဖွဲ့တစ်ဖွဲ့ရောက်ရှိလာပြီး ဒေသခံလူငယ်များအား လူသစ်အဖြစ် အတင်းအကြပ်လိုက်လံဖမ်းဆီးနေသောကြောင့် လူငယ်များမှာ ချီဖွေမြို့ဘက်သို့ ထွက်ပြေးတိမ်းရှောင် နေကြကြောင်း မျောမောပါကျေးရွာသားတစ်ဦးမှ ပြောပြပါသည်။

“ကျေးရွာပတ်ဝန်းကျင်တစ်ဝိုက်ကို KIA အဖွဲ့တွေရောက်လာတယ်၊ ပြီးတော့ လယ်တဲတွေမှာနေပြီး လယ်ယာ လုပ်ကိုင်နေတဲ့သူတွေ၊ သစ်ဝါးခုတ်တဲ့ သူတွေ၊ ငါးရှာထွက်တဲ့သူတွေကို KIA လူသစ်လုပ်ခိုင်းဖို့ အဓမ္မလိုက် ဖမ်းနေတာ၊ လူငယ်တွေလည်း လူသစ်မလုပ်ချင်တော့ ထွက်ပြေးကြတာပေါ့၊ အချို့လူငယ် တွေလည်း ချီဖွေမြို့မှာရှိတဲ့ ဆွေမျိုးတွေဆီကို တိမ်းရှောင်နေကြ တယ်၊ မိသားစုလိုက် ထွက်ပြေးတဲ့ သူတွေလည်းရှိတယ်၊ အဲလိုမျိုး ထွက်ပြေးနေကြတော့ ရွာမှာလည်း သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေပဲ ကျန်တော့တယ်၊ လူသစ်သင်တန်း တက်ခိုင်းပြီး သူတို့စခန်းမှာ တာဝန်ထမ်းဆောင်ခိုင်းဖို့လေ၊ ဒီဒေသမှာတောင်ယာလုပ်ငန်းနဲ့ အသက်မွေး နေကြတာပါ၊ ရိုးရိုးသားသားနဲ့ စားဝတ်နေရေးအတွက် လုပ်ကိုင်နေကြတာ၊ ဒီကောင်တွေက ဇွတ်အတင်း လိုက်ဖမ်းနေတော့ ရွာသားတွေက လုပ်ငန်းတွေကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင် နေကြတယ် ’’ ဟု မျောမောပါကျေးရွာ အုပ်ချုပ်ရေးမှူးမှ ပြောပါသည်။ 

KIA အဖွဲ့သည် နိုဝင်ဘာလအတွင်း လူသစ်သင်တန်းဖွင့်လှစ်နိုင်ရန်အတွက် ချီဖွေမြို့၊ မေခမြစ် တစ်ဘက် ကမ်းရှိ ကျေးရွာများတွင် ဒေသခံလူငယ်များအား လူသစ်အဖြစ် အတင်းအကြပ်လိုက်လံဖမ်းဆီးနေခြင်း ကြောင့် ဒေသခံများအနေဖြင့် စားဝတ်နေရေးအတွက် လုပ်ငန်းများလုပ်ကိုင်ရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။

နော်ဂျာ
Kachin Daily News

No comments:

Post a Comment