Wednesday 18 November 2015

မုဒိမ်းမှု ကျူးလွန်သူများအား အမြန်ဆုံး အရေးယူရန် တောင်းဆို

ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော မုဒိမ်းမှုများနှင့် ပတ်သက်၍ ကျူးလွန်သူအား ပြစ်ဒဏ်နှင့်အညီ ထိထိ ရောက်ရောက် အမြန်ဆုံး အရေးယူရန် ရခိုင်အမျိုးသမီး အဖွဲ့အစည်းများက ယမန်နေ့က သဘောထား ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

““တောက်လျှောက်ဆိုသလို မုဒိမ်းမှုတွေ ဖြစ်ပေါ်နေတဲ့အပေါ်မှာ ရခိုင်အမျိုးသမီးတွေအနေနဲ့ အရမ်းစိုးရိမ် လာကြတယ်။ အဲဒီအထဲမှာ ပိုဆိုးတာက သက်ငယ် မုဒိမ်းမှုတွေဆိုတော့ မိဘတွေကပိုပါ ကြောက်စိတ်တွေ ပိုဖြစ်စေတယ်။ အဲ့လိုဖြစ်ရတာက အရင်ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေမှာ တရားခံတွေကို ဥပဒေအရ ထိရောက်တဲ့ ဥပဒေပြစ်မှုတွေနဲ့ အရေးယူ ဆောင်ရွက်မှုတွေ မရှိခဲ့လို့ ဆက်လက်ပြီးတော့ ကျူးလွန်တဲ့ သူတွေအတွက်ကို ပိုပြီးတော့မှ ကျူးလွန်မှုတွေ ဖြစ်ပေါ်အောင် အခွင့်အရေးတွေ ပေးသလို ဖြစ်နေတယ်လို့ ကျွန်မတို့ယူဆတယ်””ဟု ရခိုင်အမျိုးသမီး အစည်းအရုံး ဒုဥက္ကဋ္ဌ(၁) စောစံငြိမ်းသူက ပြောသည်။

ထိုသို့ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော မုဒိမ်းမှုများနှင့် ပတ်သက်၍ ကျူးလွန်သူအား ပြစ်မှုပြစ်ဒဏ်နှင့် အညီ ထိရောက်စွာ အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးရန်၊ နောက်နောင် ထိုကဲ့သို့ ဖြစ်ရပ်ဆိုးများ မကြုံရစေ ရန် သက်ဆိုင်ရာအစိုးရမှ အထူးအလေးထား၍ ကြိုတင်တားဆီး ကာကွယ်သည့် နည်းလမ်းများ ချမှတ်လုပ်ဆောင် ပေးရန်၊ ထို့အပြင် ရခိုင်ပြည်သူတစ်ရပ်လုံး အနေဖြင့်လည်း ဤကဲ့သို့ ဖြစ်ရပ်ဆိုးများကို မည်သူမဆို ကြုံတွေ့လာရပါက မတရားမှု ပပျောက်ရေး၊ တရားမျှတမှု ဖော်ဆောင်ရေး တို့အတွက် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ကြရန် ၎င်းတို့ ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

““အခုဖြစ်နေတာတွေက အသက်မပြည့်သေးတဲ့ ကလေးတွေ ဖြစ်နေတော့ အဲဒီကလေးတွေရဲ့ အသက် တွေ ဆုံးရှုံး သွားမှာလည်း စိုးရိမ်တယ်။ ဒါတွေက စိန်ခေါ်မှုတစ်ရပ်လို ဖြစ်နေတာကြောင့် ဥပဒေလမ်း ကြောင်း အတိုင်းဖြစ်ဖို့ အစိုးရကိုလည်း တိုက်တွန်းတယ်။ ပြည်သူအား လုံးလည်း ဒီလိုအဖြစ်ပျက်မျိုး ထပ်မကြုံရအောင် ၀ိုင်းဝန်းစောင့်ရှောက်ပေးဖို့ တိုက်တွန်းချင်ပါတယ်””ဟု ရခိုင်အမျိုးသမီးများ ကွန်ရက်ဥက္ကဋ္ဌ ဒေါ်ညိုအေးက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၅)ရက်နေ့ ရခိုင်ပြည်နယ် စစ်တွေမြို့နယ် စက်ရုံစု ရပ်ကွက်တွင် အသက်(၁၅)နှစ်အရွယ် မိန်းကလေးအား တပ်ပြေးတစ်ဦးမှ အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး ထို့အတူ စက်တင်ဘာလ (၂၂)ရက်နေ့ကလည်း စစ်တွေမြို့ ဓည၀တီ (က)ရပ်တွင် အသက်(၈)နှစ်အရွယ် မသန်စွမ်း ကလေးငယ်အား တပ်မတော်သား တစ်ဦးမှ အဓမ္မပြုကျင့်မှု ဖြစ်ပေါ်ခဲ့သည်။

Messenger News Journal​ 

No comments:

Post a Comment